နေပြည်တော်၊ ဩဂုတ် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းအဖွဲ့များက ယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင်ပါကြောင်း၊ သို့ရာတွင် ရရှိလာသည့်အခွင့်အရေးများကို လက်လွတ်မှုမရှိအောင် ရယူဆောင်ရွက် ခြင်းနှင့် အခက်အခဲများကို ဝိုင်းဝန်းလက်တွဲ ဖြေရှင်းခြင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌများနှင့် တာဝန်ရှိသူများကို Online စနစ်ဖြင့်တွေ့ဆုံစဉ် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လတ်တလောတွင် အထူးလေယာဉ်ဖြင့် ကော့သောင်း လေဆိပ်သို့လာရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ ကျွန်းစုများသို့ တိုက်ရိုက်သွားရောက်လည်ပတ်မည့် စက်တပ်ရွက်လှေခရီးစဉ်များကို လာမည့် အောက်တိုဘာလမှ စတင်၍ ဆောင်ရွက်နိုင်ရေးအတွက် အထက်ဌာနသို့တင်ပြပြီး သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းခရီးစဉ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်နေသော စက်တပ်ရွက်လှေ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေး အစီအစဉ် ကောင်းတစ်ရပ်ဖြစ်ပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ရရှိလာ နိုင်မည် ဖြစ်ပါကြောင်း၊
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မျက်ခြည်မပြတ် ပါဝင်ပူးပေါင်းဆောင်ရွက် သွားရန်နှင့် ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် CLMVT Forum 2021 Webinar သို့ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ပါဝင်တက်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အပါ အဝင် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့ Destination Management Organizations (DMOs) များတွင် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်မှု အခြေအနေ၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် သင့်တော်သည့် ခရီးစဉ် ဒေသရွေးချယ်ရန်လိုအပ်မှု အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် နေ့ချင်းပြန်ခရီးစဉ်များ ဖော်ဆောင်နိုင်ရေး အခြေအနေ၊ ခရီးသွားကုမ္ပဏီများ ပြန်လည်ထူထောင်ရပ်တည်နိုင်ရေး လိုအပ်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


