ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၁

 

ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ (၆၇)လုံး၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရ (၁၇)လုံး၊ Online မှ အသိအမှတ်ပြုထားသည့် အရေအတွက် (၂၉)လုံးတို့အား Enchanting Myanmar Health and Safety Protocol (HSP)နှင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။

 

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂) အစည်းအဝေးကို  ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိသည့်အတွက် လာမည့်ပွင့်လင်းရာသီတွင် ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း၊  သဘာဝနှင့်နီးစပ်သည့် ကျေးလက်ဒေသနေရာများကို ခရီးသွားဧည့်သည်များ ပိုမိုနှစ်သက်လာသည့်အတွက် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များ ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များက ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ဝိုင်းဝန်းအကြံပြုချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်