ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မေ ၁၇

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်သင်ကြားကြမည့် ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းအမှုထမ်း များနှင့် ဝန်ထမ်းသား/သမီး ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က       ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းမိသားစုဝင်များမှ ထူးချွန် ထက်မြက်သည့် ပညာတတ်အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အခြေခံပညာမူလတန်း အဆင့်မှ တက္ကသိုလ်အဆင့်အထိ ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ကြေးများကိုနှစ်စဉ်ချီးမြှင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခု(၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ဝန်ကြီးဌာနဝန်ထမ်းများ၏ သားသမီးများမှ အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁၀) တို့အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း။

     

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂါတ်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်း တာဝန်ယူ ကြမည့်သူများဖြစ်သည့်အတွက် အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်း များဖြစ်အောင် ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ကို နှလုံးသွင်းပြီး အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံအကျိုးကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် သယ်ပိုးထမ်းရွက်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားကြစေလိုပါကြောင်း၊ ထူးချွန်ထက်မြက် လိမ္မာ ယဉ်ကျေးပြီး ဝေဖန်ပိုင်းခြားသိမြင်တတ်သည့် အနာဂတ် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများကိုယ်စား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မောင်ကျော်ဇင်ဝင်းနှင့် Grade-12 ကျောင်းသူ မအေးမြတ်နိုးခင်တို့ကိုလည်ကောင်း၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား Grade-7 ကျောင်းသူ မပိုပိုမင်းထွန်းနှင့် Grade-4 ကျောင်းသူ မအိမ့်မှူးအလင်္ကာ တို့ကိုလည်းကောင်း ပညာသင်ထောက်ပံ့စရိတ်များကို ပေးအပ်ချီးမြှင့့်ကြရာ ကျောင်းသားကျောင်းသူများ ကိုယ်စား ‌ Grade-12 ကျောင်းသူ မအေးမြတ်နိုးခင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)