ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၂၅

 

ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ (National Account Cluster) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဗဟိုစာရင်းအင်းအဖွဲ့(CSO)နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ မန္တလာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ တွဲဘက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စစ်တမ်းကောက်ယူနိုင်ရေးအတွက် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ဦးဆောင်၍  မြို့ပေါင်း(၁၉)မြို့ရှိ ပြည်တွင်းလေဆိပ်များ၊  ခရီးသွားဆွဲဆောင်ရာ နေရာများ၊  အဝေးပြေးကားဂိတ်များ၊  မီးရထားဘူတာရုံများ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များ၌ သတ်မှတ်အရေအတွက်အတိုင်း ပြည့်မီအောင်ကောက်ယူခဲ့ပြီး စစ်တမ်းကောက်ယူခြင်း နည်းပညာ ရပ်များပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသန ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး တိကျမှန်ကန်သည့် မူဝါဒ၊ ပန်းတိုင်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသွားစစ်တမ်း ကောက်ယူတွေ့ရှိချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြုံပြုကြကာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ပြောကြား ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)