ဟွန်ဆန်ကို ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံ

ဖနောင်ပင် ဇူလိုင် ၁၉

 

ကမ္ဘောဒီးယား အာဏာရပါတီဖြစ်သည့် ပြည်သူ့ပါတီ (စီပီပီ) သည် တနင်္ဂနွေနေ့က ၎င်း၏ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့သည်။ အဆိုပါအစည်းအဝေး၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရပါက လက်ရှိဝန်ကြီးချုပ် ဆမ်ဒက်တက်ချိုဟွန်ဆန်ကို နောက်တစ်ကြိမ်ဝန်ကြီးချုပ် သက်တမ်းအတွက် အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

အဆိုပါအစည်းအဝေးက အမျိုးသားလွှတ်တော် သတ္တမအကြိမ်အတွက် ဝန်ကြီးချုပ်လောင်းအဖြစ် ဆမ်ဒက်တက်ချို ဟွန်ဆန်ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်း၏သားကြီး ဟွန်မနက်ကိုလည်း အနာဂတ် န်ကြီးချုပ်လောင်းအဖြစ် ထောက်ခံကြောင်း ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

ဟွန်ဆန်သည် အသက် ၆၉ နှစ်ရှိပြီဖြစ်ကာ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ဟွန်ဆန်၏ အကြီးဆုံးသား ဟွန်မနက်သည် လက်ရှိတွင် စီပီပီ၏ အမြဲတမ်းကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး တော်ဝင်ကမ္ဘောဒီးယားတပ်ဖွဲ့ (အာရ်ကပ်ဖ်) ၏ လက်ထောက်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မမှူး တစ်ဦးလည်းဖြစ်သည်။

 

စီပီပီဗဟိုကော်မတီအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးကို မြို့တော်ဖနောင်ပင်ရှိ ပါတီဌာနချုပ်တွင် စီပီပီ ဥက္ကဋ္ဌ ဟွန်ဆန်၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးက နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တခြားအဖွဲ့အစည်းများကို လာမည့် ၂၀၂၃ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် အကောင်းဆုံး နိုင်ငံရေးဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် ဒီမိုကရေစီ စည်းမျဉ်းများအတိုင်း အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

 

ဆင်ဟွာ