ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၁၉၀၀ ဦး ကို မက္ကဆီကိုနိုင်ငံ က နေရပ်ပြန်ပို့ရန်စီစဉ်

၂၂ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မက္ကဆီကို နိုင်ငံမှ ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၁၉၀၀ ဦး ထက်မနည်းကို ယခုသီတင်းပတ်တွင် နေရပ်ပြန်ပို့ရန် မက္ကဆီကိုနိုင်ငံက စီစဉ်နေသဖြင့် ဟွန်ဒူးရပ်စ်နိုင်ငံက ပြန်လည်လက်ခံရန် ပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံဆိုင်ရာ ဟွန်ဒူးရပ်စ်သံအမတ် က ပြောကြားခဲ့သည်။

 

ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းနေထိုင်သူ အုပ်စုနစ်စုသည် အိမ်နီးချင်း ဂွာတီမာလာနိုင်ငံ မှ တစ်ဆင့် နယ်စပ်ဂိတ် နှစ်ခုကို ဖြတ်ကျော်ကာ မက္ကဆီကိုနိုင်ငံတောင်ပိုင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြကြောင်း၊ ထိုနယ်စပ်ဂိတ်နှစ်ခုမှာ တောင်ပိုင်း ရှီရာပါ့စ် ပြည်နယ်ရှိ ဂိတ်တစ်ခုနှင့် အရှေ့တောင်ပိုင်း တာဘာစကို ပြည်နယ်ရှိ ဂိတ်တစ်ခုတို့ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် အယ်လ်ဒန် ရီဗီရာ၏ ပြောကြားချက်အရ သိရသည်။

 

လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ဟွန်ဒူးရပ်စ်နိုင်ငံသားများကို ထိန်းသိမ်းထားခဲ့ကြောင်း ရီဗီရာ က ပြောကြားခဲ့သည်။

 

နေရပ်ပြန်ပို့မည့် ရွှေ့ပြောင်းနေထိုင်သူ ၁၁၀ ဦးကို တင်ဆောင်မည့် ပထမဆုံးလေယာဉ်သည် တာဘာစကိုပြည်နယ်မှ ယနေ့နှောင်းပိုင်းတွင် ထွက်ခွာဖွယ်ရှိကြောင်း ကောင်စစ်ဝန် နှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နယ်လီ ဂျီရတ်ဇ် က ပြောကြားခဲ့သည်။

 

ယနေ့မှစတင်ကာ သောကြာနေ့အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ဦး ခန့်သည် ဘတ်စ်ကားများဖြင့် ပြန်လည်ရောက်ရှိလာဖွယ်ရှသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ်တို့တွင် ရွှေ့ပြောင်းနေထိုင်သူများသည် မက္ကဆီကို နိုင်ငံသို့ အောင်မြင်စွာဝင်ရောက်ခဲ့ကြပြီး မက္ကဆီကိုနှင့်အမေရိကန်နယ်စပ်တွင် သောင်တင်နေခဲ့ကြရာ မက္ကဆီကို နှင့် အမေရိကန် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

 

9

 

ရွှေ့ပြောင်းနေထိုင်သူများ စနစ်တကျဝင်ရောက်ခွင့်ပြုမှုကို မြှင့်တင်ရေးအတွက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ရန် အမေရိကန် နှင့် မက္ကဆီကို နိုင်ငံတို့သည် နောက်ပိုင်းတွင် သဘောတူညီခဲ့ကြသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို