ဟန်ဂေရီလေကြောင်းပြပွဲ၌ လေယာဉ်ပျက်ကျသဖြင့် နှစ်ဦးသေဆုံး

စက်တင်ဘာ ၁၁

ဟန်ဂေရီနိုင်ငံအလယ်ပိုင်းရှိ ဘော်ဂွန်လေကြောင်းပြပွဲအတွင်း ယမန်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း အမျိုးသားလူနာတင်ကားဝန်ဆောင်မှုအဖွဲ့အစည်းက ပြောသည်။

လေယာဉ်ပျက်ကျမှု အခြေအနေကို တိတိကျကျမသိရှိရသေးကြောင်း ဖော်ပြထားသည်။  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆေးဘက်အကူများသည် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး နောက်ထပ်လေကြောင်းပြပွဲ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းရန် ပွဲစီစဉ်သူများက ချက်ချင်းဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ လေယာဉ်သည် ၁၉၅၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  Trojan အမျိုးအစားဖြစ်ကြောင်းနှင့် ထိုလေယာဉ်သည် မြေပြင်နှင့် ထိမိပြီး ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း သတင်းစာတစ်စောင်၏ ဗီဒီယိုဖိုင်အရ လေယာဉ်သည် လေယာဉ်ကွင်းကို ဖြတ်ကျော်ပျံသန်းကာ မြေပြင်သို့ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားလူနာတင်ကားဝန်ဆောင်မှုအဖွဲ့အစည်း၏ပြောရေးဆိုခွင့်ရှိသူက လေယာဉ်ပျက်ကျမှုတွင် နှစ်ဦးသေဆုံးပြီး အခြားလေးဦး မီးလောင်ဒဏ်ရာများ ရရှိကြောင်း အတည်ပြုခဲ့သည်။

အဆိုပါထိခိုက်ဒဏ်ရာရသေဆုံးသူများသည် လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် ကားတစ်စီးအတွင်းရှိခရီးသည်များဖြစ်ကြသည်ဟု ဒေသတွင်းရဲတပ်ဖွဲ့ကဆိုသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဘူဒါပတ်စ်မြို့ရှိ ဆေးရုံအသီးသီးသို့ လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို