ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ

အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ ဟင်းနုနွယ်ကို ဆေးဘက်ဝင်တဲ့ အပင်တစ်ခုအဖြစ် အားလုံးအကြမ်းဖျင်း သိကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟင်းနုနွယ်ရဲ့ ကောင်းကျိုးအစုံကို အသေးစိတ်ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

 

ဟင်းနုနွယ်ရဲ့ အံမခန်း အကျိုးကျေးဇူးများ

 

အမြင်အာရုံကို ကောင်းမွန်စေပါတယ်

 

ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် A ဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။

 

ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝစွာပါပါတယ်

 

ဟင်းနုနွယ်မှာပါတဲ့ အစိမ်းရောင် ရောင်ခြယ်ပစ္စည်းက ဟင်းနုနွယ်လို့ မြင်လိုက်ရုံနဲ့ သိအောင် လုပ်ပေးတာတင်မကဘဲ ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ဓါတ်တိုး ဆန့်ကျင် အာနိသင် အပြည့်ပါပါတယ်။

 

ကိုယ်အလေးချိန် လျှော့ချနေသူများ စားပေးသင့်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်

 

ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတယ်၊ အာဟာရဓါတ်တွေလည်း အများကြီးပါတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အစားအစာကိုလိုက်ရှာနေတဲ့ သူတွေ အတွက် ဟင်းနုနွယ်က အသင့်တော်ဆုံးပါ။ ပါဝင်တဲ့ကယ်လိုရီပမာဏကလည်း မများတဲ့အပြင် အမျှင်ဓါတ်လည်း ကြွယ်ဝ တာကြောင့် အစာခြေစနစ်ကိုလည်း အထောက်အကူပြုဦးမှာပါ။

 

အရိုးအဆစ်တွေကို သန်မာစေပါတယ်

 

အသားလည်းမဟုတ်ဘဲနဲ့ ဒီအရွက်လေးက ဘယ်လိုလုပ်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းတာလဲလို့ မေးစရာရှိပါတယ်။ဒါ ဟင်းနုနွယ်မှာပါတဲ့ ဗီတာမင် D ကြောင့်ပါ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းတဲ့ ဗီတာမင် D တို့ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ နို့မသောက်နိုင်တဲ့ သူတွေ ဟင်းနုနွယ်စားပေးလို့ရတယ်နော်။

 

ညဘက် အိပ်ပျော်စေပါတယ်

 

ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင် ဇင့်တို့ မဂ္ဂနီဆီယမ်တို့လို အိပ်ပျော်ခြင်းကို အားပေးတဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။

 

ခုခံအားကို မြင့်တက်စေပါတယ်

 

ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် A ဟာ ခုခံအားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် A ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်း စေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးမှာနော်။

 

ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်

 

ဟင်းနုနွယ်မှာ ဆံပင်ကျွတ်ခြင်းကို အဓိကတားဆီးပေးတဲ့ သံဓါတ် အပြည့်ပါတာကြောင့် ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကိုမမတွေ ဟင်းနုနွယ်စားပေးသင့်တယ်နော်။

 

အရွယ်တင်နုပျိုစေမယ့်အပြင် ဝက်ခြံတွေကိုလည်း တားဆီးပေးဦးမှာပါ

 

ဗီတာမင် A ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေလေးတစ်ခုဖြစ်အောင် ဟင်းနုနွယ်က ဖန်တီး ပေးဦးမှာနော်။

 

ဒီလောက် အကျိုးကျေးဇူးများတဲ့ ဟင်းနုနွယ်ကို ကြော်ကြော်၊ ချက်ချက်၊ ပြုတ်ပြီးတော့ပဲ သုပ်စားစား ခံတွင်းမြိန်အောင် ဖန်တီးပြီး စားပေးလို့ရတယ်နော်။

 

ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”