ဟင်္သာတမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးဦးထုပ်အလုံး ၄၀၀ ကျော် အခမဲ့ဖြန့်ဝေ

ဟင်္သာတ ၂၀ ဇွန် 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီက ပဒေသာဈေးမီးပွိုင့်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

5556

 

ယင်းသို့ဆောင်ရွက်ခြင်းကို “လူတွေအသက်ရှင်သန်ဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြစို့” ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှုတွင် သေဆုံးမှုနှင့် ထိခိုက်  ဒဏ်ရာ ဖြစ်ပွားမှုမှာ ဆိုင်ကယ်စီးနင်းသူများတွင် အဖြစ်များခြင်းကြောင့် ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြု တတ်လာစေရန် အဓိကရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း         အမှတ်(၈၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် လူလှက ပြောသည်။

ဆိုင်ကယ်ဦးထုပ်များ အခမဲဖြန့်ဝေခြင်းတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုကိုဦး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး၊ ခရိုင်နှင့်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီများက  ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်စီးနှင်းလာသူများကို ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ပေးအပ်ပြီး ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းဆိုင်ကယ်စီးဦးထုပ်များကို ဆက်သွယ်ရေးအော်ပရေတာ Mytel မှ ဦးထုပ်အလုံး ၂၀၀ ၊ ဟင်္သာတမြို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ဦးထုပ်အလုံး(၂၀၀)ကျော် စုစုပေါင်းဦးထုပ်အလုံးရေပေါင်း (၄၀၀)ကျော်အား ပံ့ပိုးလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
 
ကျော်ကျော်(ပြန်/ဆက်)