ဟန်ချက်ညီမျှမှု၊ သမာသမတ်ရှိမှုနှင့် တရားမျှတမှု ကင်းမဲ့သည့် အစီရင်ခံစာ

နေပြည်တော် ၂၂ စက်တင်ဘာ

 

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်လိုက်သည့် စာမျက်နှာ ၄၄၀ပါ အစီရင်ခံစာသည် မျှော်လင့်ထားသည့်အတိုင်းပင် ဟန်ချက်ညီမျှမှု၊ သမာသမတ်ရှိမှု၊ တရားမျှတမှုတို့ ကင်းမဲ့စွာဖြင့် စက်တင်ဘာ ၁၈ ရက်ကထွက်ပေါ်လာခဲ့သည်။

 

အဆိုပါ မစ်ရှင်ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်သို့ စေလွှတ်ရန် စီစဉ်မှုတို့သည် မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများကြားတွင် ရန်လို မုန်းတီးမှုများကို တိုးမြင့်ဖြစ်ပေါ်စေနိုင်ပြီး မိမိတို့ တည်ဆောက်လိုသည့် ဒေသတွင်းအချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှုနှင့် သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်မှုကို အထောက်အပံ့ပေးနိုင်မည်ဟု မယုံကြည်ကြောင်း၊လူမှုအဖွဲ့အစည်း နှစ်ဖက်လုံးတွင် ရှိနေသည့် ကြောက်ရွံ့စိတ်များကိုလည်းဖယ်ရှားပေးနိုင်မည်ဟုလည်း မိမိတို့မခံစားရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပသတင်းဌာနတစ်ခု၏ တွေ့ဆုံမေးမြန်းမှုကို စောစောပိုင်းကပင် ဖြေကြားထားခဲ့ဖူးသည်။

 

လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းစဉ်ကပင် ယင်းအဖွဲ့သည် မိမိတို့အစိုးရက အားထုတ်ကြိုးပမ်းဆောင်ရွက်နေရသည့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက်အထောက်အကူမပြုဘဲ အဟန့်အတား၊ အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင် ခြင်းကြောင့် လက်မခံခဲ့ခြင်းဖြစ်သည်။

 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံတွင်စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လှူအခွင့်အရေးကောင်စီ၏ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)နှင့် အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့ရာ၌ အစီရင်ခံစာ၏ သမာသမတ်ကျမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့အပေါ် မေးခွန်းထုတ်ရန် သိသာထင်ရှားသော အကြောင်းပြချက်များစွာရှိကြောင်း ထောက်ပြခဲ့သည်။ အစီရင်ခံစာပါအချက်များက မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးများအကြားအထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေကြောင်း၊ ပေါင်းစည်းညီညွတ်ရေးကို အားပေးရမည့်အစား တိုင်းရင်းသားလူမျိုးများအကြား သဘောထားကွဲလွဲစေပြီး နိုင်ငံပြိုကွဲရေးကို အားပေးနေသည့်သဘော သက်ရောက်နေကြောင်း ဝေဖန်ပြောကြားခဲ့သည်။ အစီရင်ခံစာရေးသားသူတို့ ရွေးချယ်ကာ တွေ့ဆုံမေးမြန်းခဲ့သည့် ကော့ဘဇားရှိ လူတစ်စုတစ်ဖွဲ့၊ NGOများ၊INGO များ၊ လူ့အခွင့်အရေးအဖွဲ့များထံမှ ရရှိသည့် အချက်အလက်များ စသည်တို့ကလည်း အမှန်တရားဟု အပြည့်အဝယုံကြည်ရန်အတွက်အားနည်းလှသည်။ ARSA အကြမ်းဖက်သမားတို့ စိမ့်ဝင်မြှုပ်နှံနေကာ သတ်ဖြတ်ခြိမ်းခြောက်မှုများဖြင့် စဉ်ဆက်မပြတ် ခြောက်လှန့်ထားသောနေရာမှ ရရှိလာသော အပြောသက်သက်စကားများကိုသာအခြေခံ၍ ဆက်လက်စွပ်စွဲနေခြင်းဖြစ်ပြီး ခိုင်လုံသော သက်သေအထောက် အထားများမှာမူ ၁၅ လကြာမျှ စုံစမ်းစစ်ဆေးခဲ့သည်ဆိုသော အစီရင်ခံစာတွင် ဖော်ပြနိုင်ခြင်းမရှိပေ။ အချက်အလက် ရှာဖွေရေးမစ်ရှင်သည် ၎င်း၏လုပ်ငန်းကို လုပ်ဆောင်ရာတွင် အမှန်တရားကို ဓမ္မဓိဋ္ဌာန်ကျကျ၊ ဆင်ခြင်တုံတရားဖြင့် ရှာဖွေခြင်းထက် တင်ကြိုချမှတ်ထားသည့်ကောက်ချက်များ သို့မဟုတ် စွပ်စွဲချက်များအတွက် အထောက်အပံ့ဖြစ်နိုင်မည့် အချက်အလက်များကိုသာ ရနိုင်သည့်နေရာမှ ယူခဲ့ခြင်းဖြစ် သည်ဟု ယူဆရမည်ဖြစ်သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကမူ “ ကြီးမားသည့်ဖိအားများ ပေးခံရမှုကြောင့် FFM နေဖြင့် ၎င်းတို့ ယုံကြည်လိုသောအချက်များကိုသာ အစီရင်ခံစာတွင် ဖော်ပြပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကိုပင် လမ်းလွဲစေနိုင်သည့် အ္တရာယ်ရှိသော ကောက်ချက်များအလျင်စလိုချမှတ်ထားသည်ကို တွေ့ရကြောင်း” တုံ့ပြန်ပြောကြားခဲ့သည်။

 

 

မိမိတို့နိုင်ငံတော်သည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်တို့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်ခြင်း၊ ဖိအားပေးခြင်းထက် အပြုသဘော ဝိုင်းဝန်းကူညီခြင်းကသာ ရလဒ်ကောင်းများပေါ်ထွက်နိုင်မည် ဖြစ်ပါကြောင်း။ ။