ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ပဲခူး ၃ မေ 
 
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

9154


       
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာ ပေ(၁၀ဝ)ပတ်လမ်းအတွင်း ပါဝင်သွားသည့် သီးနှံများနှင့် နှစ်ရှည်ပင်များအတွက် သင့်လျော်သည့် နစ်နာကြေးပေးလျော်ခြင်းကို ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ကြောင်း၊ ပြဿနာသည် နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပေါ်နေသည့် ပြဿနာများကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူပူးပေါင်းဆွေးနွေး အဖြေရှာပြီး မျက်နှာချင်းဆိုင် လာရောက်ဖြေရှင်းပေးရခြင်းဖြစ်ကြောင်း၊ 


ယခုလိုလာရောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအတွက် မိမိတို့အစိုးရမှ ဆောင်ရွက်ပေးရမည့် (သို့မဟုတ်) ညှိနှိုင်းပေးရမည့် အချက်အလက်များကို သိရှိနိုင်ပြီး ပြည်သူများမှလည်း မည်သို့ပူးပေါင်းညှိနှိုင်း အဖြေရှာရမည်ကို သိရှိနိုင်စေရန်လည်းကောင်း၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက တိုင်းပြည်ဝင်ငွေ တိုးတက်လာမည့်အပြင် ဒေလေဆိပ်ကို အမှီပြုပြီး ဒေသခံပြည်သူများနေဖြင့် အစားအသောက်၊ ခရီးသွား ဝန်ဆောင်မှုစသည့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားခဲ့သည်။
        
ထို့နောက် ဥဿာမြို့သစ်(၅)ရပ်ကွက်နေ ဦးဝင်းမောင်က လေဆိပ်ဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေ သိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ဆပ်ပြာကျင်းကျေးရွာနေ ဦးကိုကိုနိုင်က လေဆိပ်စီမံကိန်းအတွင်း စာရင်းကောက်ယူရာတွင် မှားယွင်းလွဲချော်မှုရှိခဲ့ပါက အမှန်တကယ် နစ်နာသူများအတွက် ပြန်လည်စိစစ်ပေးရန်ကိုလည်းကောင်း၊ မဇင်းရပ်ကွက်နေ ဦးဇေယျာဝင်းက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံမြေ(၅)ဧက သိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ချမ်းသာကွင်းကျေးရွာနေ ဦးကြီးရွှေက ချမ်းသာကွင်းကျေးရွာမှ ညောင်အင်းသို့သွားသောလမ်းပေါ်ရှိ ဇလပ်ထော်ဆည် လက်တံဖြတ်တံတား ပြုပြင်ပေးရန်ကို လည်းကောင်း၊ မဇင်းတိုးချဲ့(၁) ရပ်ကွက်နေ ဦးအောင်မြင့်က လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံမြေ(၅)ဧက သိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ချမ်းသာကွင်းကျေးရွာနေ ဦးလှသောင်းက လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေအတွင်း လေဆိပ်ပတ်လမ်း ပေ(၁၀ဝ)အတွက် ခြံစည်းရိုးကာရံနေသည့်ကိစ္စကိုလည်းကောင်း၊ မဇင်းတိုးချဲ့ရပ်ကွက်နေ ဒေါ်အုန်းရီက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် မြေအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊

ဥဿာမြို့သစ်(၄)ရပ်ကွက်နေ ဦးဝင်းချစ်ဦးက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံလယ်မြေအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊  ဘောင်းတော်ချကျေးရွာနေ ဒေါ်သဲသဲက လေဆိပ်ခြံစည်းရိုးကာရံရာတွင် နွားတဲကုန်းကျေးရွာနှင့် ဘောင်းတော်ချကျေးရွာသို့ ဆက်သွယ် သွားလာမှုခက်ခဲနေသည့်ကိစ္စကိုလည်းကောင်း၊ ဘောင်းတော်ချကျေးရွာနေ ဦးကျော်အောင်နှင့် တကူပြွန်ကျေးရွာနေ ဦးတင်မောင်လေးတို့က လေဆိပ်စီမံကိန်းဧရိယာအတွင်း စာရင်းကောက်ယူရာတွင် အဆင့် A,B,C သတ်မှတ်ရာတွင် တန်းတူညီမျှ သတ်မှတ်နိုင်ရေးကိစ္စကိုလည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စုနေ ဦးကြည်အေးက လေဆိပ်ပတ်လမ်းပေ(၁၀ဝ)အတွင်း လျော်ကြေးပေးရာတွင် စိုက်ပျိုးထားသည့် အပင်စာရင်း မှားယွင်းနေမှုကိုလည်းကောင်း၊ 

ချမ်းသာကွင်းကျေးရွာနေ ဦးအောင်ကြည်က လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်မြေများအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်နေ ဦးသိန်းထွန်းက လေဆိပ်ပတ်လမ်းပေ(၁၀ဝ)အတွင်း လျော်ကြေးမရသေးသည့် တောင်သူ(၆)ဦးကိစ္စကို လည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စုနေ ဦးကျော်စိုးက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်မြေနှင့် ဥယျာဉ်ခြံမြေအတွက် လျော်ကြေး/နစ်နာကြေးနှင့် ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ထားမှု အခြေအနေကိုလည်းကောင်း၊ ဘောင်းတော်ချကျေးရွာနေ ဦးဆန်းဝင်းက ယခင်လေယာဉ်ကွင်းစီမံကိန်း ဧရိယာအတွင်း နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံမြေဧက(၅၀) ခန့် ပါဝင်သွားခြင်းအား လျော်ကြေး/နစ်နာကြေး ဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရော်ဘာအထူးဇုန်နေ ဦးဌေးနိုင်က လေယာဉ်ကွင်း ဝင်/ထွက်လမ်းပိတ်ပါက ဝါးမရမ်းကျေးရွာအုပ်စုနှင့် ရော်ဘာအထူးဇုံမှ ခြံရှင်များ သွားလာရေးလမ်း မည်သို့စီမံဆောင်ရွက်ထားကိုလည်းကောင်း၊ အင်းကလေးကျေးရွာနေ ဦးလှိုင်မြင့်က မြေယာပိုင်ဆိုင်မှု အထောက်အထားများ ရရှိလိုကြောင်းကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
      
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)