ဟံသာဝတီအသင်း ပြည်တွင်းကစားသမားများ ဆက်တိုက်ခေါ်ယူ

ရန်ကုန် ၃၀ ဒီဇင်ဘာ

၂၀၂၁ ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းသည် ပြည်တွင်းကစားသမားများ ဆက်တိုက်ခေါ်ယူနေပြီး စတုတ္ထမြောက်ကစားသမား ခေါ်ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဝင်းမိုးကျော်ကို ခေါ်ယူခဲ့သည်။

ဟံသာဝတီအသင်းသည် ရာသီကြိုတွင် ပြည်တွင်းကစားသမားလေးဦးအထိ ခေါ်ယူထားပြီး Southern ဂိုးသမားပြည့်ဖြိုးအောင်၊ ရတနာပုံနောက်ခံလူ ရဲရင့်အောင်၊ မကွေးကွင်းလယ်ကစားသမား နေမိုးနိုင်နှင့် မကွေးနောက်ခံလူ ဝင်းမိုးကျော်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး သုံးနှစ်စီ စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။ ရဲရင့်အောင်၊ နေမိုးနိုင်နှင့် ဝင်းမိုးကျော်တို့မှာ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းတွင် ပါဝင်ကစားခဲ့သူများဖြစ်ပြီး ဝင်းမိုးကျော်မှာမူ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများတွင် ဟံသာဝတီတစ်သင်းတည်းသာ သွက်လက်စွာလှုပ်ရှားနေပြီး ရာသီသစ်စတင်ရန် လိုသေးသော်လည်း ကစားသမားသစ်များ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

ဟံသာဝတီအသင်းသည် ပြည်တွင်းကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်ပြီး စာချုပ်ကုန်ဆုံးနေသည့် ကစားသမားများ သက်တမ်းတိုးခြင်းကိုလည်း လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဟံသာဝတီအသင်းသည် နိုင်ငံခြားသားကစားသမားများလည်း ခေါ်ယူအသုံးပြုသွားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်