ဟန့်တား၍မရသည့် သဘာဝဘေးအန္တရာယ်များ

သန်းထွန်း (မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း)

 

သဘာဝဘေးအန္တရာယ်များ ဆိုသည်မှာ လူသားများနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် ဖြစ်ပျက်မှုကြောင့် လူသားများ ထိခိုက်ပျက်စီးခြင်းကို ခေါ်ပါသည်။ ပိုမိုတိကျစွာ ဖော်ပြရလျှင် သဘာဝဘေးအန္တရာယ် ဆိုသည်မှာ ပတ်ဝန်းကျင်လေထု၊ ရေထုနှင့် ဘူမိဆိုင်ရာ မြေငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် တောမီး လောင်ခြင်းတို့၏ တည်နေရာ၊ ပြင်းအားနှင့် အကြိမ်ကြိမ် ဖြစ်ပွားမှုတို့အပေါ် မူတည်၍ လူသားများ၏ အဆောက်အအုံများနှင့် နေထိုင်ကျက်စားမှုတို့အား ဆိုးရွားစွာ ထိခိုက်စေမှုပင် ဖြစ်သည်။

မီးတောင်ပေါက်ကွဲမှုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ သဘာဝအဖြစ်အပျက်သည် လူသားများအား ထိခိုက်မှုမရှိပါက သဘာဝဖြစ်စဉ် (natural phenomenon) သာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဟု မသတ်မှတ်ပေ။ လူနေထူထပ်သော ဒေသတွင် သဘာဝဖြစ်စဉ် ဖြစ်ပေါ်ပါက ဘေးဥပဒ်အဖြစ်အပျက်ဟု သတ်မှတ်ပါသည်။ ဘေးဥပဒ်အဖြစ် အပျက်တစ်ခုသည် အတိုင်းအတာ တစ်ခုအားလွန်၍ သေကျေပျက်စီးမှု များပြားခြင်း၊ တိုက်တာအဆောက်အအုံများ ပျက်စီးမှုများ ပြားခြင်းရှိပါက သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပါသည်။

ကမ္ဘာကုလသမဂ္ဂ၏ ဘေးအန္တရာယ်လေ့လာ စောင့်ကြည့်စနစ်အရ ၁၉၉၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု အများဆုံးနိုင်ငံများမှာ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပေသည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာအနှံ့ သဘာဝဘေး အန္တရာယ်ကျရောက်မှု ၉၀၅ နေရာ ဖြစ်ခဲ့သည်။ ယင်းတို့အနက် ၉၃ ရာခိုင်နှုန်းမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဖြစ်ပြီး အထွေထွေဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၇၀ နှင့် အာမခံလျော်ကြေး အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ဆုံးရှုံးခဲ့သည်။ ၂၀၁၂ ခုနှစ် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုမှာ အလတ်စားအဆင့်သာ ဖြစ်သည်။ ၄၅ ရာခိုင်နှုန်းမှာ မိုးလေဝသ (မုန်တိုင်း)ကြောင့် လည်းကောင်း၊ ၃၆ ရာခိုင်နှုန်းမှာ ရေလွှမ်းမိုးမှုကြောင့် လည်းကောင်း၊ ၁၂ ရာခိုင်နှုန်းမှာ ရာသီဥတုဆိုင်ရာ (အပူလှိုင်း၊ အအေးလှိုင်း၊ မိုးခေါင်မှု၊ တောမီးလောင်မှု) ကြောင့် လည်းကောင်း၊ ခုနစ်ရာ ခိုင်နှုန်းမှာ ဘူမိဖြစ်စဉ်(မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှု)ကြောင့် လည်းကောင်း ဘေးအန္တရာယ်များ ကျရောက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု၏ ၁၄ ရာခိုင်နှုန်းမှာ ဘူမိဖြစ်စဉ် ကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။

လူသားတို့အနေဖြင့် သဘာဝဖြစ်စဉ်အများစု၏ ပြင်းအား စသည်တို့အား ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း သဘာဝ အဖြစ်အပျက်များအား သဘာဝဘေး အန္တရာယ်အဖြစ် မရောက်စေရေးအတွက်မူ အရေးပါ ထိရောက်စွာ ဆောင်ရွက်နိုင်ပေ သည်။ အထူးအလေးထား သိရှိထားရန် အချက်မှာ လူသားတို့၏ အပြုအမူကြောင့် သဘာဝ ဘေးအန္တရာယ်များ အကြိမ်ကြိမ် ဖြစ်စေနိုင်ပြီး ပြင်းအားများ ပိုမိုပြင်းထန်စေသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ဥပမာ မြေပြိုဒေသရှိ ထိပ်ဦးပိုင်းကို အိုးအိမ်ဆောက်လုပ်ရန် တူးဖော်ဖယ်ရှားမိပါက မြေပြိုမှုထပ်မံဖြစ်ပွားပြီး လူနေအိမ်များ မြေပိခံရမည် ဖြစ်သည်။ လူသားများ၏ အပြုအမူကြောင့် ယခင်က မဖြစ်ခဲ့ဖူးသော သဘာဝ ဘေးအန္တရာယ်များလည်း ဖြစ်ပေါ်လာတတ်သည့်အပြင် ဂေဟစနစ် ထိန်းသိမ်းပြုပြင်မှုများကိုလည်း လျော့ပါးစေသည်။

ကပ်ဘေးဆိုက်ရောက်နိုင်သော သဘာဝဖြစ်စဉ်များ
လူသားများအား ဒုက္ခရောက်စေနိုင်သော ကပ်ဘေးများမှာ –
၁။ ကမ္ဘာ့လေထု
(က) မုန်တိုင်းများ၊
(ခ) မိုးကြိုးပစ်ခြင်း၊
(ဂ) လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊
(ဃ) အပူပိုင်းမုန်တိုင်းကျရောက်ခြင်း။

၂။ မြေငလျင်
(က) ပြတ်ရွေ့များ ပွတ်တိုက်မှု၊
(ခ) မြေလွှာကျုံ့ဝင်မှု၊
(ဂ) မြေလွှာဘေးတိုက်ဖြန့်ကြက်မှု၊
(ဃ) Liquefaction ကျောက်သား ရေဝင်ခြင်း၊
(င) ဆူနာမီ

၃။ ဘူမိဗေဒ/ဇလဗေဒဆိုင်ရာများ
(က) ကျောက်တုံးကျောက်ခဲများ လျှောကျခြင်း၊
(ခ) မြေဆီလွှာဖြန့်ကြက်ခြင်း၊
(ဂ) မြေပြိုခြင်း၊
(ဃ) မြေကျွံခြင်း။

၄။ ဇလဗေဒဆိုင်ရာများ
(က) ပင်လယ်ကမ်းရိုးတန်း ရေလွှမ်းခြင်း၊
(ခ) သဲကန္တာရပေါ်ထွန်းခြင်း၊
(ဂ) မြေဆီလွှာဆားဓာတ်လွန်ကဲခြင်း၊
(ဃ) မိုးခေါင်ရေရှားခြင်း၊
(င) မြေဆီလွှာတိုက်စားခြင်း၊ ပို့ချခြင်း၊
(စ) မြစ်ရေကြီးခြင်း၊
(ဆ) မုန်တိုင်းရေလှိုင်းတက်ခြင်း။

၅။ မီးတောင်ပေါက်ကွဲခြင်း
(က) မီးတောင်ပြာနှင့် ချော်ခဲများ ကျရောက်ခြင်း၊
(ခ) ဓာတ်ငွေ့များထွက်ခြင်း၊
(ဂ) မီးတောင်ချော်ရည်စီးကြောင်းများ စီးဆင်းခြင်း၊
(ဃ) ရွှံ့စေးကြောင်းများ စီးဆင်းခြင်း၊
(င) ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း၊
(စ) ချော်တုံးချော်ခဲများ ကျရောက်ခြင်း။

၆။ တောမီးလောင်ခြင်း
(က) ချုံနွယ်၊ ချုံပုတ်များအား လောင်ကျွမ်းခြင်း၊
(ခ) သစ်တောများအား လောင်ကျွမ်းခြင်း၊
(ဂ) မြက်တောများအား လောင်ကျွမ်းခြင်း၊
(ဃ) အပူပိုင်းမြက်ခင်းပြင်များ လောင်ကျွမ်းခြင်း။

မြေငလျင်(Earthquakes) လှုပ်ခတ်ခြင်း
မြေငလျင်သည် ကမ္ဘာ့အပေါ်ယံလွှာရှိ ပြတ်ရွေ့များရှိ ဖြည်းဖြည်းချင်း စုစည်းထားသော တင်းအားတစ်ခုအား ရုတ်တရက် လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲခြင်းတို့သည် များသောအားဖြင့် မြေလွှာချပ်ထုများ ထိပ်တိုက်တွေ့ရာ ဇုန်တို့တွင် တွေ့ရများသည်။

မြေငလျင်သည် အချိန်မှန်ဖြစ်ပေါ်လေ့မရှိဘဲ တိကျသောခန့်မှန်းမှု မပြုလုပ်နိုင်သည့်အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး အောက်ပါဖြစ်ရပ်များနှင့် ဆက်နွှယ်နေသည်-

-    ငလျင်ဗဟိုချက်အနီး မြေလွှာကျုံ့ဝင်မှုသည်လူနေထူထပ်ရာဒေသတွင် သေကျေပျက်စီးမှုများတတ်သည်။

-    အားနည်းသည့် မြေလွှာအက်ကြောင်း တစ်လျှောက် အောက်ခံကျောက်များ ကွဲကွာသွားပြီး မြေမျက်နှာပြင် ကျောက်များ ကြေပျက်စေသည့် ပြတ်ရွေ့များ။

-    မတ်စောက်သည့် တောင်ကုန်းနှင့် ခိုင်ခံ့မှုမရှိသော တောင်တန်းတို့တွင် မျက်နှာပြင် မြေလွှာထုကျုံ့ခြင်းကြောင့် ဖြစ်ပေါ်သည့် တောင်ပြိုမှုများ။

-    တွဲဆက်မှုနည်းပြီး ပြေပြစ်သော တောင်စောင်းတွင် ရေဝင်မှုများ (ူငဆကန်ခေအငသည) ဖြစ်ပေါ်သည့်မြေထုသည် မြေလှုပ်ရှားမှုကြောင့် မြေပြိုနိုင်သည်။ ရေပျော်ဝင်မှုဖြစ်စဉ်ကြောင့် ဘေးတိုက်ရွေ့လျားမှု များဖြစ်ပေါ်ပြီး အပျက်အစီး အများဆုံး ဘူမိအန္တရာယ်ဖြစ်သည်။

-    တွဲဆက်မှုမရှိဘဲ အထိန်းမဲ့၊ အနယ်ကျကျောက်များ အနေအထားကျဖြစ်စဉ်ကြောင့် မြေကျွံမှုနှင့် အပေါ်ယံ မြေနိမ့်ကျခြင်း။

-    ပင်လယ်ကြမ်းပြင်အောက် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီ (သို့မဟုတ်) ငလျင်ပင်လယ်လှိုင်းကြီးများ ငလျင် ဗဟိုချက်မှ ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ဖြစ်ပေါ်နိုင်ပါသည်။

မီးတောင်ပေါက်ကွဲခြင်း (Volcanoes)
မီးတောင်ပေါက်ကွဲခြင်းသည် ကမ္ဘာမြေအောက်ရှိ ကျောက်ရည်ပူများနှင့် ဓာတ်ငွေ့များ ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်သို့ ပေါက်ထွက်လာခြင်းပင် ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုအန္တရာယ် နှစ်မျိုးရှိသည်။

-    ကမ္ဘာမြေမျက်နှာပြင်အနီးရှိ ကျောက်ရည်ပူများနှင့် ဓာတ်ငွေ့များ တွန်းအားကြောင့် လျင်မြန်စွာ ပေါက်ကွဲလွင့်စဉ်ပြီး ကျောက်တုံးကြီးများ၊ ကြေမွကျောက်များနှင့် ချော်ရည်များ ယင်းနေရာမှ ဝေးရာများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

-    မီးတောင်ချော်ရည်ချော်ခဲများ ပေါက်ကွဲခြင်းမရှိဘဲ စီးဆင်းလာခြင်းသည်လည်း အန္တရာယ်ကျရောက်စေပါသည်။ စီးကြောင်းများ၏ သဘာဝမှာ ရွှံ့၊ ပြာနှင့် ချော်ရည်အမျိုးမျိုးနှင့် ပမာဏအမျိုးမျိုးရှိပြီး မူရင်းဒေသများလည်း အမျိုးမျိုး ရှိနိုင်ပါသည်။ စီးကြောင်းတို့၏ အန္တရာယ်သည် ကမ္ဘာမြေဆွဲအား၊ ပတ်ဝန်းကျင် ဘူမိရုပ်သွင်နှင့် ချော်ရည်တို့၏ စေးပျစ်မှု တို့အပေါ် မူတည်ပါသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သည့်အန္တရာယ်တို့မှာ ချော်ရည်စီးကြောင်းများ ကျဆင်းလာသည့် ပြာများနှင့် ကျောက်တုံးကြီးများ၊ ရွှံ့ရည်စီးကြောင်းများနှင့် အဆိပ်ဓာတ်ငွေ့များ ပါဝင်သည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဆက်တိုက် ဖြစ်လာနိုင်သည့် အခြား သဘာဝအန္တရာယ်များမှာ ဆူနာမီ ရေလှိုင်းများတက်ခြင်း၊ မြေပြင်အနေအထား ပျက်ပြယ်ခြင်း၊ မြစ်၊ ချောင်းနှင့် ကန်များ ပိတ်ဆို့ပျက်စီးမှုကြောင့် ရေကြီး ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မြေပြိုခြင်း (Landslides)
မြေပြိုခြင်းဆိုသည်မှာ တွဲဆက်ခိုင်မာမှုမရှိသည့် မြေလွှာထုများ ရွေ့လျားခြင်း၊ လျော့ကျခြင်းနှင့် စီးဆင်းခြင်းတို့ ပါဝင်ပါသည်။ မြေပြိုခြင်းများသည် မြေငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးများ၍ မြေဆီလွှာများ ပျော့အိသွားခြင်း သို့မဟုတ် မြေအောက်ရေ မြင့်တက်လာခြင်း၊ မြစ်ချောင်းများ ပြိုကျခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သည်။ ငလျင်လှုပ်ချိန်တွင် ပျော်ဝင်နေသော မြေဆီလွှာများသည် အထူးအန္တရာယ်များသည့် အခြေအနေဖြစ်သည်။ မြေပြိုမှုသည် နေရာကွက်ကျား ဖြစ်တတ်သော်လည်း ယင်းတို့၏ အကြိမ်ကြိမ် ဖြစ်ပေါ်တတ်မှုကြောင့် အထူးအန္တရာယ် ပြုနိုင်ပေသည်။ မြေပြိုမှုအမျိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်-

-    ပြုတ်ကျကျောက်များ၊ ကျောက်ဆောင်များအပေါ်မှ ပြုတ်ကျသော ကျောက်တုံးများ ဖြစ်သည်။ ယင်းတို့သည် တောင်စောင်းနံရံအခြေတွင် တောင်စောင်းအဖြစ် စုပုံနေပြီး ယင်းတောင်စောင်းသည်လည်း ထပ်တိုးအန္တရာယ် ဖြစ်ပေါ် နိုင်ပေသည်။

-    လျော့ကျကျောက်နှင့် စီးမျောကျောက်များ၊ ဘူမိအနေအထားတစ်လျှောက် ရွေ့လျားအားနည်းမှုကြောင့် အပေါ်ယံ မြေထု ရွေ့လျားခြင်း၊ အပေါ်ယံမြေထု လုံးဝပုံပျက်ခြင်း မရှိဘဲ ရွေ့လျားပါက 'Slump' ဟု ခေါ်သည်။

-    စီးမျောမှုနှင့် ဘေးတိုက်ဖြန့်ကြက်မှု မြေအောက်ရေတိမ်ပိုင်းရှိ အားနည်းသည့် သက်နုမြေသားများတွင် ဖြစ်ပေါ်တတ် သည်။ ပြေပြစ်သော မြေမျက်နှာပြင်များတွင် ဖြစ်လေ့ရှိသော်လည်း ရေဝင်အောင်းမှု (Liquefaction) ကြောင့် မူရင်းနေရာမှ အတော်အတန် ဝေးကွာသည့်နေရာအထိ ရွေ့လျားနိုင်သည်။

အထက်ဖော်ပြပါ အဖြစ်အပျက်များ၏ ထိခိုက်ပျက်စီးမှုသည် မြေပြိုသဘာဝအပေါ် မူတည်ပါသည်။ ကျောက်တုံးများ ပြုတ်ကျခြင်းသည် အသက်အိုးအိမ်များအတွက် အန္တရာယ်ရှိသော်လည်း ဖြစ်ပွားသည့် နေရာဒေသမှာ အကန့်အသတ် ရှိနေသည့်အတွက် နေရာကွက်ကွက် အတွက်သာ စိုးရိမ်မှုရှိစေပါသည်။ ယင်းနှင့်ဆန့်ကျင်သည့် မြေလျှောကျမှု၊ မျောစီးမှုနှင့် ဘေးတိုက် ဖြန့်ကြက်မှုများသည် ဧရိယာကျယ်ပြန့် ကြီးမားသည့်အတွက် အသက်အိုးအိမ် မြောက်မြားစွာ ထိခိုက်ပျက်စီး နိုင်သည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ရွှံ့ရည်စီးဆင်းခြင်းသည် ယင်း၏မူလနေရာမှ အရှိန်ပြင်းစွာ စီးဆင်းသဖြင့် အကြီးမားဆုံး မီးတောင်အန္တရာယ်ဟု သတ်မှတ်ပါသည်။

ရေလွှမ်းမိုးခြင်း (Flooding)
ရေလွှမ်းမိုးခြင်းအား နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်သည်။
(၁)    ကုန်းတွင်းရေလွှမ်းမိုးခြင်း သို့မဟုတ် မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းမျိုး ဖြစ်သည်။

(၂)    ပင်လယ်ကမ်းခြေ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် ရေလှိုင်းကြီးများ၊ ထူးခြားသည့် ဆူနာမီ ရေလှိုင်းများကြောင့် ရေကြီးရေလျှံခြင်းမျိုး ဖြစ်သည်။

ဆူနာမီရေလှိုင်းများ (Tsunamis)
ဆူနာမီရေလှိုင်းများသည် အချိန်ကြာရှည် ရေလှိုင်းကြီးများဖြစ်ပြီး မြေငလျင်လှုပ်ရှားမှု၊ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပင်လယ်ရေအောက် မြေလွှာရွေ့လျားမှုများကြောင့် ဖြစ်ပေါ်လာတတ်သည်။ ဆူနာမီ လှိုင်းလုံးကြီးများ၏ ထိပ်သည် ရေတိမ်ပိုင်းသို့ ရောက်ရှိပါက ၂၅ မီတာအထိ မြင့်တက်နိုင်ပါသည်။ ဆူနာမီလှိုင်း၏ အကျယ်မှာ ကီလိုမီတာ ၁၀ဝ ထက်ကျော်လေ့ရှိပြီး ရေနက်ပိုင်းအဟုန်မှာ တစ်နာရီလျှင် ကီလိုမီတာ ၇၀ဝ အထိ ရှိသည်။ သို့အတွက် ခန့်မှန်းရန်နှင့် စောင့်ကြည့်လေ့လာရန် ခက်ခဲလှသည်။ ဆူနာမီကြောင့် ပင်လယ်ကမ်းခြေ ရေလွှမ်းမိုးခြင်း လက္ခဏာများသည် မုန်တိုင်း ကြောင့် ဖြစ်ပေါ်သည့် ဒီရေလှိုင်းဖြစ်စဉ်နှင့် အတူတူပင်ဖြစ်သည်။

ဟာရီကိန်းလေမုန်တိုင်း (Hurricanes)
ဟာရီကိန်း လေမုန်တိုင်းတို့သည် အပူပိုင်းလေဖိအား နည်းရပ်ဝန်းမှ ပြင်းထန်သော မုန်တိုင်းအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ လေထုများ ဝဲကတော့၊ စပရင်တို့ကဲ့သို့ပုံစံဖြင့် ဗဟိုချက်သို့ တိုးဝင်တိုက်ခတ်ခြင်းကြောင့် ဖြစ်သည်။ ယင်းတို့သည် ပူနွေးသော ပင်လယ်ရေပြင် အထက်အနိမ့်ပိုင်းတွင် စတင်ဖြစ်ပေါ်ပြီး ထိခိုက်ပျက်စီးမှု များပြားခြင်း၊ ထိခိုက်ဧရိယာ ကျယ်ပြန့်ခြင်း၊ အလိုအလျောက် ဖြစ်ပေါ်ခြင်း၊ ဦးတည်ရာမဲ့ ရွေ့လျားခြင်းတို့ကြောင့် အန္တရာယ်ကြီးမားလှပေသည်။

သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာ့တိုက်များရှိ နိုင်ငံအသီးသီးတွင် အစဉ်အမြဲဖြစ်ပွားနေသော သဘာဝ ဖြစ်စဉ်ပင် ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ ကမ္ဘာမြေဆွဲအားကြောင့် မတည်ငြိမ်သော၊ မခိုင်မာသော ရုပ်ဝတ္ထု ပစ္စည်းများအား ကမ္ဘာမြေဆွဲအားမှ တည်ငြိမ်သည့် အခြေအနေအထိ ဆွဲချနေမည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် မြေပြိုခြင်း (Landslides) သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ချင်းတောင်ဒေသ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပုပ္ပားတောင်ဒေသတို့တွင် နှစ်အနည်းငယ် အတွင်း အကြိမ်ကြိမ် ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ အထက်ဖော်ပြပါ ဘူမိဖြစ်စဉ်တို့မှာ ကမ္ဘာဦးအစမှ အဆက်မပြတ် ဖြစ်ပေါ်နေသော သဘာဝဖြစ်စဉ်များသာဖြစ်ပြီး လူသားများအနေဖြင့် တားဆီး၍ ရနိုင်သော အရာများမဟုတ်ပေ။ သို့ရာတွင် ယခင် အတွေ့အကြုံများနှင့် ခေတ်မီနည်းစနစ်များဖြင့် သက်သာ၊ ဘေးကင်းရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ ရှောင်ရှားနိုင်ခြင်းတို့ ဆောင်ရွက်နိုင်ပေသည်။ ကမ္ဘာဦးအစကပင် လူတို့သည် ရေကြည်ရာ မြက်နုရာ အရပ်တို့တွင် မိရိုးဖလာ အစဉ်အလာဖြင့် နေထိုင်ခဲ့ကြရသည့်အတွက် သဘာဝဘေးအန္တရာယ်တို့မှာ နှစ်ပေါင်း ၅၀-၁၀ဝ မှ တစ်ကြိမ်ခန့် ဖြစ်တတ်ကြ၍ မသိ၊ မမီလိုက်ခြင်း၊ မှတ်တမ်းမှတ်ရာများ မရှိခြင်းကြောင့် မမျှော်လင့်ဘဲ အန္တရာယ်ကျရောက်မှသာ အကြောင်းရင်းကို သတိပြုမိကြဟန် ရှိပါသည်။ သို့အတွက် ယနေ့ခေတ်တွင် ခေတ်မီ ဆန်းသစ်သော နည်းပညာများ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် Remote Sensing နည်းပညာတို့ဖြင့် သဘာဝဘေး အန္တရာယ်များ လေ့လာရာတွင် သေချာခိုင်မာသော အချက်အလက်နှင့် သုံးသပ်ချက်များဖြင့် ထိန်းသိမ်းမှတ်တမ်း တင်ထားသော သမိုင်းကြောင်း အပြည့်အစုံရှိထားရန် လိုအပ်ပေသည်။ ဒေသခံလူထု၏ ရိုးရာအယူအဆ အမှတ်အသား တို့အားလည်း ထည့်သွင်းမှတ်တမ်း တင်ထားသင့်ပေသည်။ အဆိုပါ ရှေးဦးအဖြစ်အပျက် သမိုင်းကြောင်းများနှင့် သတင်းအချက်အလက်များ မိုးလေဝသ၊ ဘူမိဗေဒ၊ ဘူမိရုပ်သွင်နှင့် အင်ဂျင်နီယာ ဘူမိဗေဒပညာရပ်တို့အား အခြေခံ၍ ဘေးကင်းရာ နေရာဒေသတို့တွင် မြို့ပြအိမ်ရာများ ရွှေ့ပြောင်း တည်ဆောက်နိုင်ပြီဖြစ်၍ လူသားများ စဉ်ဆက်မပြတ် အသက်ရှင်နေထိုင်နိုင်ရေး ဉာဏ်ပညာ၊ သတိ၊ ဝီရိယတို့ဖြင့် အေးချမ်းသာယာစွာ နေထိုင်နိုင်ကြရန် ရည်ရွယ်လျက် ဤဆောင်းပါးအား ရေးသားတင်ပြပါသည်။        ။