ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဟုမ္မလင်း ဒီဇင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေးကျေးလက်ထုတ်ကုန်များ ကုန်စည်စီးဆင်းနိုင်ရန်အတွက် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် မောင်းခမ်းကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ဒီဇင်ဘာ ၂၁ ရက်က ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးရဲ၀င်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဟန်မင်းဆွေ၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ မောင်းခမ်းကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများေဆာင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ကုမ္ပဏီတာဝန်ခံ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ  သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်ရန်နှင့်  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

မောင်းခမ်းကျေးရွာတွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၄ ဒသမ ၄၆၅ သန်းဖြင့် အလျား ၂ မိုင်၊ အနံ ၁၂ပေ၊ ထု မြေသား၂ပေ၊ ဂျင်းမြေ ၉လက်မရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ အလျား ၅ပေ၊ အနံ ၁၈ပေနှင့် အမြင့် ၅ပေရှိ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား MPE ကုမ္ပဏီက ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေထံမှ သိရသည်။

 

ချစ်ဦးကို