iPhone အသစ်များတွင် Lightning Port ကို ရပ်ဆိုင်း၍ Type C ကိုသာ ပြောင်းလဲအသုံးပြုမည် 

 

ရန်ကုန်  အောက်တိုဘာ  ၃၀

 

Apple အနေဖြင့် iPhone များတွင် အစဉ်အဆက်အသုံးပြုခဲ့သော Lightning Port ကို EU ၏ သတ်မှတ်ချက်များအရ ရပ်ဆိုင်းရတော့မည်ဖြစ်ကာ ၎င်းတို့ထပ်မံ ထုတ်လုပ်မည့် မော်ဒယ်သစ် iPhone များတွင် Lightning Port အားသွင်းပေါက်အစား Type C အားသွင်းပေါက်သာ ပါဝင်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

Apple သည် iPhone အပါအဝင်၎င်း၏ ထုတ်ကုန်များအားလုံးတွင် အခြားအန်းဒရွိုက်ဖုန်းများနှင့် သီးသန့်ဖြစ်သော Lightning Port အားသွင်းပေါက်နှင့် အားသွင်းကြိုးများ ကို ၂၀၁၂ ခုနှစ်မှစ၍ အသုံးပြုခဲ့သည်။ ထိုအချိန်က အန်းဒရွိုက်ဖုန်းများတွင် Micro USB စနစ်ကို အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် အန်းဒရွိုက်ဖုန်းများ၌ ပိုမိုကောင်းမွန်သော Type C ကို ပြောင်းလဲအသုံးပြုခဲ့ကာ စံသဖွယ်ဖြစ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်း အန်းဒရွိုက်ဖုန်းအားလုံးတွင် Type C ကိုသာ အသုံးပြုလာခြင်းနှင့် Type C ၏ အားသာချက်များကြောင့် iPhone များတွင် Type C ကို ပြောင်းသုံးပေးရန် iPhone အသုံးပြုသူများက တောင်းဆိုမှုများရှိသော်လည်း Apple အနေဖြင့် မပြောင်းလဲခဲ့ဘဲ EU ၏ မဖြစ်မနေ ဖိအားပေးမှုများကြောင့်သာ Lightning Port ကို စွန့်လွှတ်၍ Type C ကို ပြောင်းသုံးမည်ဖြစ်ကြောင်း ယခုသီတင်းပတ် တွင်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

Apple ၏ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီသည် ရွေးချယ်စရာမရှိသလို ကမ္ဘာတစ်ဝန်းရှိ ဒေသတွင်းဥပဒေများကို လိုက်နာမည်ဖြစ်ကြောင်း ပြောကြားသည်။ Apple အနေဖြင့် ဈေးကွက်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ၂၀၂၁ ခုနှစ်ကထုတ်သည့် iPad များတွင် လည်း Lightning Port အစား Type C ကို ပြောင်းလဲအသုံးပြုခဲ့ရသည်။

 

သို့ရာတွင် လက်ရှိထုတ်လုပ်ပြီးသော မော်ဒယ်အများအပြားမှာ ဈေးကွက်အတွင်း ကျယ်ပြန့်စွာရှိနေခြင်းကြောင့် Lightning အားသွင်းကြိုးများကို ဈေးကွက်အတွင်း ရောင်းချနေမှုမှာ နှစ်အနည်းငယ်အတွင်း ကျယ်ပြန့်စွာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ထွက် iPhone များ အပါအဝင် AirPods နားကြပ်များ၊ ပထမ မျိုးဆက် Apple Pencil၊ Magic Mouse၊ Magic Trackpad နှင့် Magic Keyboard စသည်ဖြင့် Lightning အားသွင်းကြိုးများကို အသုံးပြုသည့် ထုတ်ကုန်များမှာ ဈေးကွက်တွင် ကျယ်ပြန့်စွာရှိနေသေးသည်။ အဆိုပါ ထုတ်ကုန်များကို အသုံးပြုနေသူများအတွက် Lightning အားသွင်းကြိုးများသည် ဈေးကွက်တွင် ဆက်လက်၍ ရှိနေဦးမည်ဖြစ်သည်။

 

Lightning Port ကို စွန့်လွှတ်၍ Type C ကို ပြောင်းလဲခြင်းမှာ အစပိုင်းတွင် iPhone ကို သီးသန့်အသုံးပြုသူများအတွက် အဆင်မပြေမှုများရှိနိုင်သော်လည်း ရေရှည်တွင်မူ ထိုသို့ပြောင်းလဲအသုံးပြုခြင်းသည် iPhone ပိုင်ရှင်များအတွက် တိုးတက်မှုတစ်ခုဖြစ်လာပြီး ထုတ်ကုန်အားလုံးတွင် Type C တစ်မျိုးတည်းကိုသာ အသုံးပြုခြင်းကြောင့် ပို၍ အဆင်ပြေလာစေမည်ဖြစ်ကြောင်း သိရသည်။

 

EU ၏ ၂၀၂၄ ခုနှစ် နှစ်ကုန် နောက်ဆုံးထား၍ Type C ဖုန်းများ ထုတ်လုပ်ရန် ဆုံးဖြတ်ချက်ကို Apple အနေဖြင့် လိုက်နာ မည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်သော်လည်း ပြောင်းလဲမှုအတွက် အချိန်ယူရမည်ဟုလည်း ပြောကြားထားသောကြောင့် ၂၀၂၃ ခုနှစ်အတွင်း ထုတ်ကုန်များတွင် Type C သို့ပြောင်းမည်လား သို့မဟုတ် ၂၀၂၄ ခုနှစ် ရောက်မှ ပြောင်းမည်လားဆိုသည်ကို အတိအကျ မသိရသေးပေ။ ထို့အပြင် EU ၏ သတ်မှတ်ချက်အရ ပြောင်းလဲမည်ဖြစ်၍ ဥရောပဈေးကွက်တစ်ခုတည်းအတွက်သာ Type C ကို ပြောင်းလဲမည်လား သို့မဟုတ် ကမ္ဘာတစ်ဝန်းဈေးကွက်အတွက် ပြောင်းလဲမည်လားဆိုသည်ကိုလည်း အတည်မပြုနိုင် သေးပေ။

 

ကိုစိုး

ကိုးကား CNet, XDAdeveloper