ဇာတ်ကားများရိုက်ရင်း အခြေခံလူတန်းစားများ၏ဘဝကိုပို၍ ကိုယ်ချင်းစာမိကြောင်း အေးမြတ်သူ ပြောကြား

မကြာမီ ရုံတင်ပြသမည့် လောဘနွံ ရုပ်ရှင်ဇာတ်ကားကြီးထဲတွင် စရိုက်ကြမ်းကြမ်း ကျောက်ပွဲစား မိန်းမလည်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားသည့် အကယ်ဒမီ အေးမြတ်သူက ၄င်းအနေဖြင့် နယ်များသို့သွား၍ ဇာတ်ကားများရိုက်ကူးစဉ် အခြေခံ လူတန်းစားများ၏ဘဝကို ပို၍ ကိုယ်ချင်းစာမိကြောင်း ပြောကြားသည်။

“အနီးဆုံး ကြုံတွေ့ခဲ့ရတဲ့မြင်ကွင်းလေးတွေကို ပြောရရင် အေးမြတ်သူတို့ ၂၀၁၈ က ရိုက်ထားတဲ့ ဒီ လောဘနွံ ကားထဲက အချို့ ရေမဆေးကျောက်တူးသမားတွေရဲ့ဘဝဆို သိပ်သနားဖို့ကောင်းတယ်၊ သူဌေးဖြစ်ချင်လို့ သူတို့ဒီကိုလာကြတယ်၊ ဒါပေမယ့် ရရ စားစားနဲ့ပဲ ငွေကကုန်သွားကြတယ်၊ အရင်က ဇာတ်ကားရိုက်ရင် လူတစ်ယောက် ဖားကန့်သွားတယ်၊ ပြန်လာတော့ လော်ပန်ဖြစ်ပြီး ပြန်လာတယ်။ ဆိုတာမျိုးကို ရိုက်ပြ ကြတာများတယ်၊ အခု လက်တွေ့ ကိုယ်တိုင်ကြုံရတာနဲ့ ဇာတ်ကားတွေထဲက အဖြစ် တွေက တခြားစီဖြစ်နေတယ်၊ လက်တွေ့မှာ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်သွားတာ တွေလည်း တွေ့ရတယ်၊ မြေစာပုံတွေမှာ လူတွေ လိုက်ကောက်နေတာတွေလည်း တွေ့ရတယ်၊ ထမင်းလေးစားဖို့ကို ရုန်းကန်နေကြရတာမျိုးတွေ တွေ့ရတယ်၊ သောကတွေ၊ ပူပင်မှုတွေ အများကြီးကို တွေ့ခဲ့ရတယ်၊ အဲဒီနေရာမှာ ဖျော်ဖြေမှုဆိုတာလည်း မရှိဘူး” လောဘနွံဇာတ်ကား ရိုက်ကူးခဲ့စဉ်က တွေ့ ကြုံခဲ့ရသည့် အခြေအနေများကို အေးမြတ်သူက ပြန်ပြောပြသည်။

ယခု ၂၀၁၉ ခုနှစ်အတွင်း အေးမြတ်သူ ပါဝင်ထားသော ရုံတင်ဇာတ်ကားများစွာ ရှိနေရာ ယခု ရုံတင်တော့မည့် လောဘနွံ ဇာတ်ကားအပြင် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးသော နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားမှာလည်း ရုံတင်တော့မည်ဖြစ်ကာ ထိုကားတွင် အေးမြတ်သူက လူဆိုးခေါင်းဆောင်တစ်ဦး၏ ညီမအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

‘ဇာတ်ကားတွေကတော့ အေးမြတ်သူ အရင်က ရိုက်ခဲ့ပြီး ရုံမတင်ရသေးတဲ့ ကားလေးတွေကို အခု ရုံတင်ခွင့်ရလို့ ပရိသတ်တွေကို ဆက်တိုက် တင်ဆက်နေရတာပါ၊ အဲဒီအတွက် ပီတီဖြစ်ရပါတယ်၊ နောက်ထပ်လည်း ရုံတင်ကားကြီးတွေ ဆက်တိုက် ထွက်ဖို့ရှိပါသေးတယ်၊ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း အေးမြတ်သူရဲ့ မတူတဲ့ ကာရိုက်တာလေးတွေ အစုံကို ခံစားရမယ်လို့ ထင်ပါတယ်” ဟုလည်း အေးမြတ်သူက ဆက်လက်ပြောကြားသည်။

ကိုလင်း