“ဇာတ်လိုက်” ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး ပဲခူးရိုးမတောထဲရှိ ရှိန်းခါးရွာတွင် သွားရောက်ရိုက်ကူးမည်

မျိုးသားစာပေဆုရ စာရေးဆရာတင်ညွန့်၏ “ရိုးမပေါ်ကျတဲ့ မျက်ရည်”ဝတ္ထုကို Bo Bo ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇာတ်လမ်း/ ဇာတ်ညွှန်း သက်ဦးမောင်နှင့် မင်းသခင်တို့ ရေးသားကာ ဒါရိုက်တာ ကိုပေါက်က ဖန်တီးပုံဖော် ရိုက်ကူးသွားမည့် “ဇာတ်လိုက်” ရုပ်ရှင်ကားကြီးတွင် မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ လင်းအောင်ခေတ်၊ ကောင်းမြတ်စံ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မေမြင့်မိုရ်၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ ဆင်မ၊ အောင်ပိုင်၊ မင်းသူ၊ ချောကလျာ၊ သဲနန္ဒာစိုး၊ ဆုလတ်ရတနာနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီကားက ဖြစ်ရပ်မှန်ဆိုတော့ ဖြူဖြူမြင့်ဆိုတဲ့ နေရာကနေ မခိုင်လေးက သရုပ်ဆောင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ ကိုယ့်ညီမနဲ့ ပတ်သက်ပြီးတော့ ဒီမင်းသားနဲ့ ဆုံဖြစ်ခဲ့တယ်။ ပြီးတော့ အူဝဲက ယောကျာ်းလျာ ကာရိုက်တာနဲ့ လုပ်ထားတာလေ။ မင်းသားအောင်ရေချမ်းက ကျောင်းဆရာလေးအဖြစ် သရုပ်ဆောင်ထားတယ်။ အဓိကကတော့ ကျောင်းဆရာ တစ်ယောက်ရဲ့ ဖြူစင်တဲ့ စိတ်ကိုပြချင် တာကို ရည်ညွှန်းထားတာပါ။ တစ်ရွာလုံးကိုလည်းချစ်တယ်။ ကျောင်းသား ကျောင်းသူ တွေအပေါ်မှာလည်း အလွန်ချစ်တယ် ဆိုတာကို ပြချင်တာပေါ့။

နောက်ပိုင်းလေးမှာတော့ ဒရမ်မာ ပုံစံလေးတွေ၊ အထင်လွဲပြီး သူ့ကိုဝိုင်းပြောကြတဲ့ အခန်းလေးတွေပါမယ်။ ဇာတ်သိမ်းမှာလည်း ဝတ္ထုနဲ့မတူတဲ့ အရာလေးတွေ ထပ်ထည့်ထားပါတယ်။ မခိုင်လေးအတွက်တော့ ထပ်ထည့်တာပါ။ မခိုင်လေးက ဘယ်လိုကာရိုက်တာမဆို လက်ခံတတ်တယ်။ ကိုပေါက်က မတူတာလေးတွေကို ချပြချင်တယ်လေ။ မခိုင်လေးက အဲဒီလို ကာရိုက်တာတွေ လုပ်တာရှေ့မှာ ရှိပါတယ်။ ကိုယ်က အလွန်လှတဲ့ထဲမှာမပါလို့ အလွန်လှတဲ့သူအဖြစ်နဲ့တော့ မလုပ်ချင်ပါဘူး”ဟု သရုပ်ဆောင် ခိုင်သင်းကြည်က ပြောသည်။

အဆိုပါ ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးမည့် Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးအနေဖြင့် ယင်းဇာတ်ကားကို မရိုက်ခင် သေချာတိုင်ပင်ပြီးမှ ဝတ္ထုထဲကအတိုင်း ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးခြင်းဖြစ်သောကြောင့် အမှားအယွင်း မဖြစ်စေရန် သတိထား ရိုက်ကူးမည်ဖြစ်ကြောင်း ယခု လ ၁၅ ရက်မှ စတင်ပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမ အတွင်းရှိ ရှိန်းခါးရွာတွင် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း