JCGV ၏ ရုပ်ရှင်ရုံသစ် ရန်ကုန်မြို့၌ ဖွင့်လှစ်

ရန်ကုန် ၁၈   ဇူလိုင်

ရုပ်ရှင်ကြည့်ရင်းတောအုပ် တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလားခံစားရမည့် JCGV CINE & FORỆT ရုပ်ရှင်ရုံကို ယနေ့ညပိုင်းက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ ၌ ဖွင့်လှစ်ခဲ့သည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် CINE & FORỆT ရုပ်ရှင်ရုံသည် ပရိသတ်များ အနေဖြင့် စိမ်းစိုလန်းဆန်းသော သဘာဝတောအုပ်တစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ ခံစားရမည်ဖြစ်ကာ ရုပ်ရှင်ကြည့်ရှု အနားယူအပန်းဖြေခံစားနိုင်သည့် လူဦးရေ ၃၉ ဦး ကြည့်ရှုနိုင်မည့် ရုပ်ရှင်ရုံဖြစ်သည်။

အဆိုပါ ရုပ်ရှင်ရုံတွင် တစ်ယောက်ထိုင်ခုံ  ၃၃ ခုံ၊ နှစ်ယောက်တွဲထိုင်ခုံ  ၃ တွဲပါရှိပြီး ဈေးနှုန်းများအနေဖြင့် 2D တစ်ယောက် ထိုင်ခုံငွေကျပ် ၁၈၀ဝ၀၊ နှစ်ယောက်တွဲ ထိုင်ခုံငွေကျပ် ၄၅၀ဝ၀ တို့ ဖြစ်ပြီး  3D တစ်ယောက်ထိုင်ခုံငွေကျပ်၂၅၀ဝ၀၊ နှစ်ယောက်တွဲထိုင်ခုံငွေကျပ် ၅၅၀ဝ၀ တို့ ဖြစ်သည်။ ပွဲချိန်များအနေဖြင့် တစ်နေ့လျှင် ငါး ပွဲ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

mdn

 

CINE & FORỆT ဆိုသည်မှာ CJ CGV မှ တီထွင်ဆန်းသစ်လိုက်သော “Nature Concept” ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကိုရီးယား၊ ဗီယက်နမ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ယခုမြန်မာနိုင်ငံတွင် တတိယမြောက်ရုံအဖြစ် ဖွင့်လှစ်ခြင်းဖြစ် သည်။

ရုပ်ရှင်လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် MPU , OK$, Ongo , Visa , Master အပြင် Convenience Store များဖြစ်သော G & G နှင့် ABC ဆိုင်ခွဲများတွင် လည်းကောင်း၊  JCGV Messenger Bot , JCGV Application နှင့် JCGV ရုပ်ရှင်ရုံများရှိ Self Ticketing Machine (Kiosk) စက်များတွင် ကိုယ်တိုင်ကိုယ်ကျလည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နှင့် လိုက်ဖက်သော အစားအစာများကိုလည်း ဝယ်ယူစားသောက်နိုင်မည်ဖြစ်သည်။

JCGV Myanmar Cineplex Company Limited သည် ယနေ့ဖွင့်လှစ်သည့် JCGV  CINE & FORỆT  Cinema  အပါအဝင် ရုပ်ရှင်ပိတ်ကားပေါင်း ၂၁ ခု အထိ ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင်ရုပ်ရှင်ရုံများတိုးတက်လာမှု အနေဖြင့် ယနေ့အထိ ရုပ်ရှင်ရုံ ၁၄၄ ရုံ ၊ ပိတ်ကား အရေအတွက် ၁၆၅ ခုအထိ ရှိပြီဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုတွင် ၂၀၁၄ ခုနှစ်တွင်  ၉  ကားသာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင်  ၁၅၈ ကား ၊ ၂၀၁၈ ခုနှစ်တွင်  ၁၃၃  ကားနှင့် ၂၀၁၉ ခုနှစ်တွင် ယနေ့အထိ  ၅၃  ကား ရှိကြောင်း သိရသည်။

 

mdn

 

CINE & FORỆT ရုပ်ရှင်ရုံကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ၊ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ ရွှေတောင်ဂရုမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း ၊ JCGV မှ အမှုဆောင်အရာရှိချုပ် ဒေါ်မိမိခိုင်၊ JCGV  CFO Mr. Ryu Seong Soo တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

သတင်းစဉ်