ရန်ကုန် ဇူလိုင် ၁၃

 

ပြည်တွင်းသောက်သုံးမှုနှင့် ပြည်ပဝယ်လိုအားကောင်းသည့် ရိုဘတ်စတာကော်ဖီကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သီးညှပ်သီးနှံအဖြစ် ဧက ၁၀၀၀ စိုက်ပျိုးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ဈေးကွက်ဝယ်လိုအားကြောင့် တောင်ပေါ်ဒေသအပြင် မြေပြန့်ဒေသများတွင်လည်း ဒေသနှင့်ကိုက်ညီသည့် ကော်ဖီမျိုးစိတ်ကို တိုးချဲ့စိုက်ပျိုးလာရာ ရန်ကုန်တိုင်းဒေသကြီး၌ ငါးနှစ်တာ အစီအစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ တိုက်ကြီးမြို့နယ်၌ ကော်ဖီ ၅၇၀၉ ဧက၊ လှည်းကူးမြို့နယ်၌ ၁၀၁၉၅ ဧက၊ မှော်ဘီမြို့နယ်၌ ၂၀၃၉ ဧက၊ တွံတေးမြို့နယ်၌ ၈၁၆ ဧက၊ ကော့မှူးမြို့နယ်၌ ၁၂၂၃ ဧကနှင့် ကွမ်းခြံကုန်းမြို့နယ်၌ ၄၀၈ ဧကဖြင့် အဆိုပါ ငါးနှစ်တာအတွင်း ကော်ဖီ ဧက ၂၀၃၉၀ စိုက်ပျိုးရန် လျာထားသည်။

 

၂၀၂၆-၂၀၂၇ ခုနှစ်တွင် ရိုဘတ်စတာကော်ဖီမျိုးစိတ်ကို တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ဧက ၁၀၀၀ တွင် စိုက်ပျိုးလျက်ရှိပြီး အဆိုပါခရိုင်နှင့်မြို့နယ်တို့ရှိ ရော်ဘာမြေနှင့် သစ်တောမြေတို့၌ ဇွန်လပိုင်းအထိ ၇၇ ဒသမ ၅၀ ဧက စိုက်ပျိုးထားသည်။

 

“ကော်ဖီဟာ ကမ္ဘာမှာသောက်သုံးမှုများလာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့နိုင်ငံအလိုက် နိုင်ငံခြားငွေရတဲ့အပြင် နှစ်စဉ်ဝယ်လိုအားကောင်းတဲ့ သီးနှံဖြစ်တာကြောင့် အာဆီယံနိုင်ငံတွေမှာ စပါးနည်းတူ စိုက်ပျိုးလာကြပါပြီ။ မြန်မာ့ကော်ဖီဟာ နာမည်ရနေပြီဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ နှစ်ရှည်သီးနှံပင်တွေကြားမှာ စမ်းသပ်စိုက်ပျိုးအောင်မြင်မှုအ‌ပေါ် ငါးနှစ်တာလျာထားမှုနဲ့အညီ စိုက်ပျိုးနေပါတယ်။ အခုမိုးရာသီမှာ ဇွန်လအထိ ကော်ဖီ ၇၇ ဧကကျော် စိုက်ပျိုးပြီးပါပြီ။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ပြည်သူတစ်ဦးကို ကော်ဖီပင် ငါးပင်စိုက်ပျိုးပြီး ကိုယ်တိုင်ကော်ဖီစစ်စစ် သောက်သုံးနိုင်အောင် ဖော်ဆောင်ပေးနေတာ ရှိပါတယ်။ နှစ်ရှည်သီးနှံဖြစ်တဲ့အတွက် စိုက်ပျိုးထုတ်လုပ်မှုကနေ တိုင်းဒေသကြီးအတွက် မကြာမီ အကျိုးကျေးဇူးခံစားရရှိမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောသည်။

 

တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ခြောက်ခု၌ ရော်ဘာ၊ သီဟိုဠ်၊ မန်ဂျန်ရှားစိုက်ခင်း ၄၈၇၀၇ ဧကတွင် ရိုဘတ်စတာကော်ဖီ ဧက ၂၀၃၉၀ ကို နှစ်အလိုက်လျာထားချက်နှင့်အညီ စိုက်ပျိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီကိုစိတ်ဝင်စားသည့် တောင်သူများထံ ပျိုးပင် ၃၃၂၀၀ နှင့် မျိုးစေ့ ၄၅ ကီလိုဂရမ်ကို ဖြန့်ဝေပေးခဲ့ကာ စီးပွားဖြစ်စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များကို ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။

 

စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအပြင် ဈေးကွက်ဝင်ကော်ဖီကို နှစ်ရှည်သီးနှံတောင်သူများ စိတ်ဝင်တစားစိုက်ပျိုးလာကြပြီး ပြည်ပပို့ကုန်ဆန်ကဲ့သို့ ကော်ဖီထုတ်လုပ်တင်ပို့မှုမှ ဝင်ငွေတိုးမြှင့် ရရှိလာမည့် စိုက်ပျိုးရေးထွက်ကုန်အဖြစ် တောင်သူများမျှော်လင့်ထားကြောင်း သိရသည်။

 

သတင်း - သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်