ရတနာ၊ နန္ဒာ

ကျားဆိုမှကျား၊ တကယ့်ကျားစစ်စစ်များကို အစာကျွေးရသည့်အတွေ့အကြုံက ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ လုံခြုံရေးအတွက် အထူးစီစဉ်ထားသည့် မော်တော်ယာဉ်ဖြင့် ဝင်ရောက်ခွင့်ရပြီး မော်တော်ယာဉ်၏ ဘေးဘက်တွင် ကျားများကို အန္တရာယ်ကင်းရှင်းစွာ အစာကျွေးနိုင်ရန် အထူးပြုလုပ်ထားသည့် အစာကျွေးပေါက်ငယ်မှတစ်ဆင့် အရိုးရှည်တပ်ကတ်ကြေးကဲ့သို့အညှပ်ဖြင့် အသားတုံးများကိုညှပ်၍ ထုတ်ပေးခဲ့ရာ ကျားကြီးများသည် အစာကျွေးသည်ကို ရင်းနှီးနေသည့်အလား လာရောက်စားသုံးကြသည်။

ကျားများကို လှောင်အိမ်(cage)ထဲတွင်သာမထားဘဲ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်အောင် ဖန်တီးထားပြီး အချို့က မြက်ခင်းပြင်ပေါ်တွင် အေးဆေးစွာအနားယူနေကြသလို အချို့သည် တက်ကြွစွာ လှုပ်ရှားသွားလာနေကြသည်။ ကြီးမားသောခန္ဓာကိုယ်၊ ထူထဲသော အမွေးအမျှင်များနှင့် စူးရှထက်မြက်သော အာရုံခံနိုင်စွမ်းတို့က သားရဲတို့၏ ပင်ကိုဗီဇနှင့် လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုများကို တွေ့မြင်ခွင့် ရရှိခဲ့သည်။

အချို့က ယာဉ်အနီးသို့ စူးစမ်းသည့်အမူအရာနှင့် လာရောက်ကြည့်ရှုပြီး အစာစားရမည်ကို စိတ်မဝင်စားသည့်အလား လှည့်ထွက်သွားသည်။ သို့သော် ထက်မြက်သည့်မျက်လုံးအစုံ၊ ကျားတစ်ကောင်၏ ခန့်ထည်မှု၊ အားမာန်နှင့် အရှိန်အဝါကို အံ့ဩဖွယ်ခံစားရသည်။

သဘာဝတရားကြီးနှင့် ဆက်သွယ်ထိတွေ့ခွင့်ရ

ပြီးခဲ့သည့် မေလက တရုတ်နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ဟေလုံကျန်းပြည်နယ် ဟာဘင်းမြို့ လေ့လာရေးခရီးစဉ်တွင်စတုရန်း မီတာ ၁ ဒသမ ၄၄ သန်း ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးဆုံး ဆိုက်ဘေးရီးယားကျား ထိန်းသိမ်းမွေးမြူရေးစခန်း (Siberian Tiger Park) ကို လေ့လာလည်ပတ်ခွင့်ရခဲ့ပြီး ခေတ်မီတိုးတက်နေသည့် မြို့ပြနှင့်အဆက်အသွယ်ဖြတ်ပြီး သဘာဝတရားကြီးနှင့် ဆက်သွယ်ထိတွေ့ခွင့်ရခဲ့သည်။

Tiger Park သို့ ရောက်ရှိစဉ် ပထမဆုံးခံစားရသည်မှာ တိရစ္ဆာန် ဥယျာဉ်တစ်ခုကို လည်ပတ်ရသည့် ခံစားချက်မျိုးမဟုတ်။ ကျယ်ဝန်းပြီး သဘာဝဆန်သည့် ပတ်ဝန်းကျင်နှင့် တည်ငြိမ်အေးချမ်းသည့် လေထု ကို ထိတွေ့ခွင့်ရသည်။ Tiger Park တွင် အဓိကဇာတ်ကောင်များမှာ ဆိုက်ဘေးရီးယားကျားများဖြစ်သည်။

ဆိုက်ဘေးရီးယားကျား အကောင်ရေ ၁၀၀၀ ကျော်ကို အောင်မြင်စွာ မွေးမြူထိန်းသိမ်းထားပြီး ကျားဖြူ၊ နှင်းကျား၊ အာဖရိကခြင်္သေ့၊ ခြင်္သေ့ဖြူ၊ ဝက်ဝံ၊ လင်းစ်၊ ကျားသစ်နှင့် အနက်ရောင်ဂျာဂါတို့ကဲ့သို့ ရှားပါးသားရဲတိရစ္ဆာန်မျိုးစုံကိုလည်း ထိန်းသိမ်းပြသထားသည်။ ခြင်္သေ့ဖခင်နှင့် ကျားမိခင်တို့မှ မွေးဖွားလာသည့် (Liger) လိုင်ဂါးမျိုးစပ် သည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည့် တိရစ္ဆာန်မျိုးစိတ်ဖြစ်ပြီး ခြင်္သေ့၏ ဦးခေါင်းပုံသဏ္ဌာန်နှင့် ကျား၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပေါင်းစပ်ပိုင်ဆိုင်ထားသည်။

အထူးသဖြင့် ကျားပေါက်စငယ်များကို ကြည့်ရှုရသည့်အခါ သဘာဝ၏ နူးညံ့သိမ်မွေ့မှုနှင့် အနာဂတ်မျိုးဆက်များအတွက် မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ကို သတိပြုမိခဲ့သည်။ ခရီးသွားများအနေဖြင့်လည်း တောရိုင်းတိရစ္ဆာန်တို့၏ သဘာဝနှင့် ရှားပါးတိရစ္ဆာန်မျိုးစိတ်ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် လေ့လာခွင့်ရသည့် ထူးခြားသောအတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်သည်။

ထို့ပြင် ရွှေဝါရောင်အဆင်းရှိသည့် ကျားများနှင့် တစ်မူထူးခြား ကွဲထွက်နေသည့် "Jia Jia" အမည်ရှိ အမည်းရောင်ဝက်ဝံမ တစ်ကောင်ကို သတိပြုမိခဲ့သည်။ လှောင်အိမ်ရှေ့တွင် ၎င်း၏ ဓာတ်ပုံ နှင့်အတူ အမည်၊ မွေးဖွားသည့်အချိန်နှင့် နေထိုင်မှုပုံစံများကို ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့ပြီး ဉာဏ်ကောင်းသည့် ဝက်ဝံတစ်ကောင်ဖြစ်ကြောင်း အခြားဝက်ဝံများအချင်းချင်း ရန်ဖြစ် နေချိန်တွင် ဝေးဝေးမှစောင့်ကြည့်လေ့ရှိပြီး တိုက်ခိုက်မှုများတွင် ပါဝင်လေ့မရှိကြောင်းလည်း ဖော်ပြထားသည်။

သာမန်အားဖြင့် တိရစ္ဆာန်တစ်ကောင်၏ မျိုးစိတ်၊ အလေးချိန်၊ နေရင်းဒေသ စသည့်အချက်အလက်များကိုသာ ဖော်ပြထားလေ့ ရှိသော်လည်း Tiger Park တွင် တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ ထူးခြား သည့်အပြုအမူများ၊ ဘဝဇာတ်ကြောင်း၊ အလေ့အထနှင့် စရိုက်များကို ခရီးသွားများ စိတ်ဝင်စားဖွယ်ဖော်ပြထားသည်ကလည်း ဆွဲဆောင် မှုတစ်ခုပင်ဖြစ်သည်။

ခိုင်ခံ့သည့်သံတံခါးများ၊ လုံခြုံရေးစနစ်များကို ဖြတ်ကျော်ကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစဉ် တောရိုင်းတိရစ္ဆာန်များ၏သဘာဝကို အနီးကပ်လေ့လာခွင့်ရသည့် အတွေ့အကြုံသည် ခရီးသွားများအတွက် စိတ်လှုပ်ရှားစရာအမှတ်တရဖြစ်စေသလို သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၏ အရေးပါမှုကိုလည်း သတိပြုမိခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာမှုကို ရင်ဆိုင်နေရသည့် ယနေ့ခေတ်တွင် သဘာဝတရားကို ချစ်မြတ်နိုးတန်ဖိုးထားထိန်းသိမ်းရေးသည် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု သာမက လူသားအားလုံး၏ ဘုံတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်းကြသည်ကို တွေ့မြင်ရသည်။

ဆိုက်ဘေးရီးယားကျားသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးဆုံး ကျားမျိုးစိတ်ဖြစ်သော်လည်း တောရိုင်းသဘာဝတွင် အရေအတွက်လျော့နည်းလာနေသော မျိုးစိတ်တစ်ခုဖြစ်သည်။ တောပြုန်းတီးမှု၊ တရားမဝင်အမဲလိုက်မှုနှင့် သဘာဝနေရပ်များ လျော့နည်းလာမှုတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ကို ရင်ဆိုင်နေရသည်။

ထိုသို့သောအခြေအနေများကို တုံ့ပြန်နိုင်ရန် Harbin Siberian Tiger Park ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျားမျိုးစိတ်များ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်း မွေးမြူခြင်း၊ မျိုးပွားစေခြင်း၊ သိပ္ပံသုတေသန၊ ပြည်သူလူထုအသိ ပညာပေးရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပေါင်းစပ်ဖော်ဆောင်ထားသည်။

ခရီးသွားများ လာရောက်လည်ပတ်ခြင်းမှ ရရှိသည့်ဝင်ငွေက ပန်းခြံ၏လည်ပတ်မှု၊ တိရစ္ဆာန်များ၏ အစာအာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသနလုပ်ငန်းများနှင့် ထိန်းသိမ်းရေး အစီအစဉ်များအတွက် အထောက်အကူပြုလျက်ရှိသည်။

ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

နောက်ထပ်အားသာချက်တစ်ခုမှာ ဟာဘင်းမြို့၏ နာမည်ကျော် ခရီးသွားနေရာများဖြစ်သည့် Sun Island နှင့် Ice and Snow World တို့နှင့် နီးကပ်စွာတည်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော သဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဟေလုံကျန်းပြည်နယ် ဟာဘင်းမြို့သည် ကမ္ဘာကျော်ရေခဲနှင့် နှင်းပွဲတော်တို့ကြောင့် လူသိများသည့် ခရီးသွားမြို့တော်တစ်ခု ဖြစ်သည်။ ဟာဘင်းမြို့သို့ လာရောက်လည်ပတ်သူများက တစ်ရက် တည်းတွင် နေရာအများအပြားကို လေ့လာနိုင်သည့်အတွက် အဆင်ပြေသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ပြည်တွင်းပြည်ပခရီးသွားများအကြား ရေပန်းစားလျက်ရှိရာ နှစ်စဉ်ခရီးသွားဧည့်သည် သန်းပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိသည်ဟု သိရသည်။

လူသားများက မြို့ပြကို ပိုမိုကျယ်ပြန့်စေချင်သဖြင့် မြို့ကွက်ကို ချဲ့ထွင်ကြသည်။ အဆောက်အအုံများ ပိုမြင့်လာသလို လမ်းမများ ပိုမိုကျယ်လာသည်။ နည်းပညာတိုးတက်မှုနှုန်းကလည်း အံ့မခန်း ဖြစ်လာသည်။ တစ်ဖက်ကလည်း တိုးတက်မှုများနောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်လာသောအရာများကို ပြန်လည်ဆန်းစစ် သတိပြုရမည်ဖြစ်သည်။ မြို့ပြချဲ့ထွင်မှုကြောင့် စိမ်းလန်းစိုပြည်သည့် သစ်တောများပြုန်းတီးလာပြီး တောရိုင်းတိရစ္ဆာန်များ၏ နေရပ် ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲဂေဟစနစ်တို့ ဆုံးရှုံးလာရသည်။

ယနေ့ခေတ်တွင် ဖွံ့ဖြိုးတိုးတက်မှုများနောက်သို့လိုက်ရင်း သဘာဝနှင့်လူသားတို့အကြား ဝေးကွာလာသည်။ လူများသည် သဘာဝတောရိုင်းတိရစ္ဆာန်များကို ဖုန်း၊ တီဗွီဖန်သားပြင်များတွင်သာ မြင်တွေ့ရသော်လည်း တကယ့်သဘာဝကို အနီးကပ်မြင်တွေ့နိုင်မှု နည်းပါးလာသည်။ ထိုသို့ လူနှင့်သဘာဝတရားအကြား ဆက်ဆံရေးကို ပြန်လည်ပေါင်းကူးဆက်နွှယ်ပေးသည်မှာ သဘာဝအရင်းအမြစ်များ ကိုအခြေခံသော ခရီးသွားလုပ်ငန်းဖြစ်သည်။

သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism)သည် ယနေ့ ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးကဏ္ဍသစ်တစ်ခုဖြစ်လာ သည်။ သဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းခြင်းသည် နိုင်ငံ တစ်နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း လည်းဖြစ်ကြောင်း Siberian Tiger Park က သာဓကတစ်ခုပင် ဖြစ်သည်။

ခေတ်ရေစီးနှင့်အညီ လိုက်ပါပြောင်းလဲဖော်ဆောင်

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုဖြစ်စဉ်များ ဆင့်ကဲတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မြန်မာနိုင်ငံကလည်း ခေတ်ရေစီးနှင့်အညီ လိုက်ပါပြောင်းလဲဖော်ဆောင်နိုင်ရန် လိုအပ်လာသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ စုံလင်စွာ ခိုလှုံရာအရပ်ဒေသတစ်ခုဖြစ်သည်။ ကျား၊ ဆင် စသည်ဖြင့် သဘာဝတောရိုင်းတိရစ္ဆာန်များ၊ ငှက်မျိုးစုံနှင့် သစ်ပင်သစ်တောများက သဘာဝအမွေအနှစ်များဖြစ်သလို အရိုင်းဆန်သည့် အလှတရားတို့လည်း တည်ရှိနေသည်။

တောရိုင်းတိရစ္ဆာန်များသည် လူသားတို့ ကြောက်ရွံ့ဖျက်ဆီးရမည့် အရာမဟုတ်ဘဲ မျိုးဆက်များအတွက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ရမည့် အဖိုးတန်အမွေအနှစ်များဖြစ်ကြောင်း၊ အနာဂတ် စီးပွားရေး၏ အဓိကအင်အားတစ်ခုဖြစ်လာနိုင်ကြောင်း နားလည်သဘောပေါက်ရန် လိုအပ်သည်။

သဘာဝအရင်းအမြစ်များကို မပျက်စီးစေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစီမံထိန်းသိမ်း၍ ခရီးစဉ်ဒေသများအဖြစ် ဖော်ဆောင်နိုင်ပါက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး အကျိုး အမြတ်များလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

မြန်မာ့တောတောင်ရေမြေ ဂေဟစနစ်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းအဖြစ် ယှဉ်တွဲတည်ရှိနေရာ သဘာဝကိုထိန်းသိမ်းခြင်းက ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းပင်ဖြစ်သည်။

သို့သော် ခရီးသွားလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များကို ထိခိုက်ပျက်စီးစေမည့် ပုံစံမျိုးမဖြစ်သင့်ဘဲ ထိန်းသိမ်းကာကွယ်ရေးနှင့် ဟန်ချက်ညီစွာဆောင်ရွက်နိုင်ရန် လိုအပ်သည်။ သဘာဝကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့သော စီးပွားရေးအကျိုးကျေးဇူးများသာမက သဘာဝအမွေအနှစ်များကိုပါ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။

အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဖွံ့ဖြိုးတိုးတက်မှုကို လက်ဆင့်ကမ်းနိုင်ရန်မှာ ယနေ့ခေတ်လူသားတို့ မလွဲမသွေထမ်းဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်ရာ အဖိုးတန်ဆုံးအမွေအနှစ်များအဖြစ် လက်ဆင့်ကမ်းမလား ဆိုသည်မှာ ယနေ့မျိုးဆက်တို့ အဖြေရှာရမည့် မေးခွန်းတစ်ခုပင်ဖြစ်သည်။ ။