ဇလုံတောင် တောင်တက်ကားများ ပြိုင်မမောင်းကြရန် ဝန်ကြီးချုပ် သတိပေး

ဗန်းမောက်  ၂  ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်သို့ တက်ရောက် ကြသည့် တောင်တက်ကားများအနေဖြင့် တစ်စီးနှင့်တစ်စီး ပြိုင်မမောင်းကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဇလုံတောင် ခမိုး ယာဉ်ရပ်နားစခန်း ဖွင့်ပွဲ အခမ်းအနားတွင် သတိပေး ပြောကြားခဲ့သည်။

လက်ရှိတွင် ဘုရားဖူးခရီးသွားရာသီဖြစ်သည့်အတွက် ဇလုံတောင်သို့ နေ့စဉ် ပြည်တွင်း ခရီးသွား အများအပြား လာရောက်ကြသောကြောင့် ဇလုံတောင်တော်ပေါ်သို့ လိုက်ပါပို့ဆောင်သည့် တောင်တက်ကားများ အနေဖြင့် ပြိုင်မမောင်းကြရန်နှင့် စည်းကမ်းတကျ မောင်းနှင်းကြရန် သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကားကို အပြိုင် မမောင်းကြပါနဲ့၊ ယာဉ်များ စည်းကမ်းတကျ လုပ်ကြပါ၊ ဇလုံတောင် နာမည်ပျက်အောင် မလုပ်ကြပါနဲ့၊ နာမည်တခါ ပျက်ပြီးရင် ပြန်ဆယ်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် စနစ်တကျ စည်းကမ်းရှိစွာ မောင်းပေးကြပါ။'' ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပြသည်။

ဇလုံ တောင်တော်ပေါ်သို့ ယခင်နှစ်က တောင်တက်ယာဉ် အစီးရေ ၉၅  စီးပြေးဆွဲခဲ့ပြီး ယခုနှစ်တွင် တောင်တက်မော်တော်ယာဉ် စီးရေ ၁၅၀ ခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိ ကြောင်း ဇလုံတောင် တောင်တက်ကား အသင်းထံမှ သိရသည်။

ဇလုံ တောင်တော် တောင်တက်ကားတစ်စီးလျှင် လူဦးရေ ၁၅ ဦးထိ လိုက်ပါစီးနင်းနိုင်ပြီး ကားခနှုန်းထား အနေဖြင့် လူတစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၆၀၀၀ ကောက်ခံလျက် ရှိကြောင်း သိရပြီး ပြီးခဲ့သည်နှစ်က ဇလုံတောင်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည်သည်  နှစ်သိန်းကျော် လာရောက်လည့်ပတ်ကြောင်း ဇလုံတောင် တောင်တက်ကား အသင်းမှ သိရသည်။

ကိုမင်း (အင်းတော်)