ဇလုပ်ကြီးကျေးရွာ၌ မော်တော်ယာဉ်နှင့် စက်ဘီးတိုက်မှုဖြစ်ပွားရာ စက်ဘီးစီးလာသူ နှစ်ဦး ဒဏ်ရာရ

ကော့မှူး   ၂၃  မတ်   

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဇလုပ်ကြီးကျေးရွာ၌ မတ် ၂၂ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အမှတ်(၅၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ထမ်းဆောင်နေစဉ် ဇလုပ်ကြီးကျေးရွာ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်ကြည့်ရှုစစ်ဆေးရာ နန်းဝေအောင်သည် မီးခိုးရောင်ယာဉ်အား ကော့မှူးမြို့မှ လှိုင်သာယာမြို့ဘက် ကားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ဇလုပ်ကြီးကျေးရွာ မိုင်တိုင်အမှတ်  (၁၅/၆)အနီးသို့အရောက် လားရာတူအရှေ့မှ ကောင်းခန့်ဇော်အနောက်တွင် သုတဇော်အား တင်ဆောင်စီးနင်းလာသော စက်ဘီးအားအရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်နှင့်စက်ဘီးတို့ အနည်းငယ်ပျက်စီးခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် ကောင်းခန့်ဇော်နှင့် သုတဇော်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ရာ ကော့မှူးဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။

 

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူအများဒဏ်ရာရရှိအောင် မောင်းနှင်သူ ယာဉ်မောင်း နန်းဝေအောင်ကို အရေးယူထားကြောင်းသိရသည်။

 

ကျော်သူရ(ကော့မှူး)