ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပဉ္စမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာကျင်းပ

နေပြည်တော် မေ ၁၂

 

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပဉ္စမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာကို မေ ၁၂ ရက် နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အောင်သိဒ္ဓိကျောင်းတိုက်၌ ကျင်းပရာ သပြေကုန်း၊ သိဒ္ဓိ(၄) ရပ်ကွက် စုပေါင်းရပ်ကွက် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အောင်သိဒ္ဓိကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇဋိလ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဋ္ဌာန်းသိမ်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ကြသည်။

 

ထို့နောက်  အောင်သိဒ္ဓိ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇဋိလ ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဓမ္မအလင်းတန်း ဝတ်ရွတ်အဖွဲ့မှ ပဋ္ဌာန်းရှစ်လုံးဘွဲ့ကဗျာကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်နှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းကြပြီး အောင်သိဒ္ဓိ ကျောင်းတိုက် ပဓာနနယက ဆရာတော်၊ ဘဒ္ဒန္တဇဋိလ ထံမှအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းသည်။ အဆိုပါ ပဉ္စမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မေ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရသည်။

 

ဟိန်းသူအောင်(ပြန်/ဆက်)