ဇွန် ၂၅ ရက်တွင်စတင်မည့် ၂၀၂၂ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ထွက်ပေါ်

ရန်ကုန်   ဇွန်   ၂၁

မြန်မာနေရှင်နယ်လိဂ်သည် ဇွန် ၂၅ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အဖွင့်ပွဲအဖြစ် မြဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

လာမည့် MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက် အသင်းအပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ မြဝတီ၊ မဟာယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ISPE (အား/ကာသိပ္ပံ)၊ GFA နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ် ရေးဆွဲထားမှုအရ ပထမဆုံးကျင်းပမည့် ပွဲစဉ် (၁) အဖြစ် ဇွန် ၂၅ ရက်တွင် မြဝတီအသင်းနှင့် ရန်ကုန်အသင်း၊ ဇွန် ၂၆ ရက်တွင် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ ဇွန် ၂၇ ရက်တွင် မဟာယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၂၉ ရက်တွင် အားကာသိပ္ပံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ ဇွန် ၃၀ ရက်တွင် GFA အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်မှာပင်နောက်ဆုံးကျင်းပ သည့် ၂၀၂၀ MNL ပြိုင်ပွဲတွင် ဒုတိယဆုရသည့် ဟံသာဝတီ အသင်းနှင့် တတိယဆုရ ဧရာဝတီအသင်းတို့ထိပ်တိုက်တွေ့ဆုံ နေခြင်းဖြစ်သည်။ လာမည့် MNL ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်ပတ်လျှင် ငါးပွဲ နှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ပွဲစဉ်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တို့တွင် သုဝဏ္ဏကွင်းတစ်ကွင်းတည်း၌ ကျင်းပမည်ဖြစ်သည်။ ပထမအကျော့ ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ သြဂုတ် ၂၅ ရက်၊ ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက် အထိ ကျင်းပမည်ဖြစ်သည်။

MNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်၊ ရှမ်း ယူနိုက်တက်အသင်းက သုံးကြိမ် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉ နှင့် ၂၀၂၀ ရာသီတို့တွင် နှစ်ရရာသီ ဆက်တိုက် ဗိုလ်စွဲထားသည်။

ရဲရင့်လွင်၊ ဓာတ်ပုံ- MNL