ဟာရာရီ   မတ်   ၁၉

ဇင်ဘာဘွေနိုင်ငံတစ်ဝန်း  ပြီးခဲ့သည့်နှစ် အောက်တိုဘာ မိုးရာသီကာလမှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ၁၃၂  ဦးထက်မနည်း  သေဆုံးပြီး   ၇၂ ဦး ဒဏ်ရာရရှိကြောင်း  နိုင်ငံ၏  အရပ်ဘက်ကာကွယ်ရေးဌာန(ဒီစီပီ)က မတ် ၁၈ ရက်က ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်း ၂၃၇ ကျောင်း၊ ကျန်းမာရေးဌာန ၁၅  ခုနှင့် တံတား  ၂၅  စင်းထက်မနည်း ပျက်စီးခဲ့ကြောင်း၊  ‌ကျေးလက်ဒေသနှင့်  မြို့တော်ရှိ လမ်းများ ကြီးမားစွာထိခိုက်ခဲ့ရပြီး  ပြန်လည်ထူထောင်ရေးများပြုလုပ်ရန် လိုအပ်ကြောင်း ဒီစီပီက ပြောကြားသည်။

မိုးရွာသွန်းမှုကြောင့် မတ်စ်ဗင်ဂိုပြည်နယ်၏ ဘီကီတာခရိုင်၌  ငှက်ဖျားရောဂါဖြစ်ပွားမှု  တိုးမြင့်လာကြောင်း   ဒီစီပီက ပြောကြားသည်။

၂၀၂၆ ခုနှစ်မှစကာ ဘီကီတာခရိုင်၌ ပျမ်းမျှအားဖြင့် ရက်သတ္တတစ်ပတ်လျှင် ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်ဦးခန့်ရှိကြောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁ ရက်အတွင်း ခရိုင်အတွင်း၌ ရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၀ အထိ သိသိသာသာတိုးလာကြောင်း အဆိုပါဌာနက ပြောကြားသည်။

ပြီးခဲ့သည့်လက  ဇင်ဘာဘွေ ကျန်းမာရေးနှင့် ကလေးစောင့်ရှောက်ရေးဝန်ကြီးဌာနက စိုစွတ်သောအခြေအနေတွင် ရေကြောင့်ဖြစ်သော ရောဂါဖြစ်ပွားမှုအန္တရာယ် မြင့်မားကြောင်း သတိပေးထားသည်။

ဇင်ဘာဘွေနိုင်ငံ၏ မိုးရာသီသည်  ပုံမှန်အားဖြင့် အောက်တိုဘာမှ မတ်လအထိဖြစ်ပြီး ဒေသအချို့၌ တစ်ခါတစ်ရံ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   ရေကြီးနစ်မြုပ်မှုဖြစ်ပွားကြောင်း သိရသည်။

ဆင်ဟွာ