ဇွန် ၂၂

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များသည် ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် ဇွန်လ ပထမ ၂၀ ရက်အတွင်း ဂဏန်းနှစ်လုံး မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များ ယနေ့တွင် ဖော်ပြထားသည်။

ကိုရီးယား အကောက်ခွန်ဌာန၏ ပြောကြားချက်အရ ဇွန်လ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၉၉ ဘီလီယံ ရှိကာ ယခင်နှစ်ကထက် ၆၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ကြောင်း ဖော်ပြထားသည်။

နေ့စဉ်ပျမ်းမျှ ပို့ကုန်သည် ၂၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၃ ဘီလီယံ ရှိရာ ၄၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းပို့ကုန်များသည် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅၁ ဘီလီယံ ရှိခဲ့ပြီး ၁၈၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ကာ မော်တော်ကား တင်ပို့မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄ ဘီလီယံ ရှိရာ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် အရှေ့အလယ်ပိုင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရေနံစိမ်းဈေးမြင့်တက်မှုကြောင့် ရေနံထွက်ကုန်များ ပို့ကုန်  ၃၉ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ၏ ပထမ ၂၀ ရက်အတွင်း တင်သွင်းမှုသည် တစ်နှစ်တာအတွင်း ဒေါ်လာ ၄၄ ဒသမ ၄၉ ဘီလီယံ ရှိခဲ့ပြီး ၂၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကာ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၇ ဒသမ ၅၀ ဘီလီယံ ရှိခဲ့သည်။

ရေနံစိမ်း၊ ကျောက်မီးသွေး၊ ချစ်ပ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများ၊ တိကျသောစက်ပစ္စည်းများ၊ ကားများနှင့် မိုဘိုင်းစက်ပစ္စည်းများ တင်သွင်းမှုအားလုံးသည် ဖော်ပြထားသောကာလအတွင်း ဂဏန်းနှစ်လုံး တိုးလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို