ဇွန်လပိုင်းထွက်ရှိသည့် အာလူး အရည်အသွေးပိုမိုကောင်းမွန်ပြီး စျေးကွက်အတွင်း ဝယ်အားတက်နေ

ရန်ကုန် ဇွန် ၂၄

 

ဇွန်လပိုင်းထွက်ရှိသည့် အာလူးမှာ အရည်အသွေးပိုမိုကောင်းမွန်ပြီး စျေးကွက်ဝယ်လက် လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေကြောင်း နောင်တရား အာလူးအသင်း တာဝန်ရှိသူက ပြောကြားသည်။

 

ဧပြီနှင့်မေတွင် နေရာ​ဒေသအများစု အာလူးတူးဖော်ကြပြီး ထွက်ရှိမှုများသည့်အတွက် လိုအပ်သည်ထက်ပို၍ စျေးကွက်ထဲရောက်ရှိသည့်တန်ချိန်ပိုများခဲ့ပြီး ယခုနှစ် အယ်လ်နီညိုရာသီဥတုကြောင့် ရာသီဥတုပူပြင်းချိန် တူးဖော်ခဲ့ကြ၍ အာလူးကွာလတီကျဆင်းမှုရှိခဲ့ကာ ယခု​နောက်ပိုင်းတွင် ထွက်ရှိသည့် အာလူးကွာလတီက ပိုမိုကောင်းမွန်​ကြောင်းလည်း ပြောကြားသည်။

 

“အဓိက ကတော့ supply နဲ့ Demand ပေါ့။ ထုတ်လုပ်မှုနှင့် စျေးကွက်တောင်းဆိုမှုက တစ်ရက်ကို တန် ၃၀၀၊ ၄၀၀ လောက် ပုံမှန်လိုအပ်နေတယ်။ ဧပြီ၊ မေလပိုင်းခန့်မှာ အာလူးစုပြုံထွက်လေ့ရှိပြီး ကျွန်တော်တို့မှာ ထိန်းသိမ်းတဲ့ အအေးခန်းစက်ရုံတွေမရှိတော့ စုပြုံပြီး ရောင်းကြတာပေါ့။ အခုကျတော့ တဖြည်းဖြည်းနဲ့ ထိန်းရောင်းကြတာပေါ့။ ဧပြီလလောက်ဆိုရင် အယ်လ်နီညိုကြောင့် ရာသီဥတုကလည်း အရမ်းပူတော့ ပူတဲ့အချိန် အာလူးတူးကြတော့ အာလူးနာတယ်၊ အာလူး အရည်အ​သွေးလည်း မကောင်းဘူးပေါ့။ အခု အာလူးကျတော့ ကွာလတီအ​တော်ကောင်းပြီး ပုပ်၊ ပျက် ပျက်စီးမှုမရှိဘူးလေ။ လူကြိုက်ပိုများပြီး အရောင်းအဝယ်ကောင်းမွန်တာပေါ့” ဟု ဆိုသည်။

 

ဇွန်လတွင် နောင်တရားမှ အာလူးထွက်ရှိမှုမှာ ဇူလိုင်လခန့်အထိ ရှိနေနိုင်သော်လည်း သြဂုတ်လခန့်တွင် အာလူးပြတ်သည့်အတွက် တရုတ်ဘက်မှ တင်သွင်းလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။

 

“၈ လပိုင်းလောက်မှာဆို အာလူးကပြတ်တယ်။ ပြတ်တာက မိုးကြိုဆိုတဲ့ မေလလောက်မှာ အာလူးကသိပ်မစိုက်တော့ဘူး။ စိန်ခေါ်မှုများတယ်၊ ရာသီဥတုအပြောင်းအလဲကြောင့် သိပ်အဆင်မပြေတော့ မိုးကြိုအာလူးဆိုတာက မစိုက်ကြတော့ အာလူးပြတ်ပြီး ကမောက်ကမဖြစ်ကြတာပေါ့။ အဲဒီအချိန်မှာ ကုန်ကြမ်းရရှိမှုခက်ခဲတယ်၊ အရင်တုန်းကတော့ တရုတ်အာလူးတွေ ဝင်တာပေါ့” ဟု ဆိုသည်။

 

နောင်တရားဒေသ၌ ဇန်နဝါရီလ၊ မေလ၊ သြဂုတ်လတွင် အာလူးစိုက်ပျိုးလေ့ရှိသော်လည်း ယခုနောက်ပိုင်း မေလတွင်စိုက်ပျိုးလေ့ရှိသော မိုးကြိုအာလူးကို ရောဂါပိုးမွှားထူထဲကာ အခက်အခဲနှင့် စိန်ခေါ်မှုများသည့်အတွက် စိုက်ပျိုးမှုနည်းပါးကြောင်း၊ သြဂုတ်လပိုင်းရောက်မှသာ ထပ်မံစိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာလခန့်တွင် အာလူးပြန်ထွက်ကာ ဧပြီလနှင့် မေလကဲ့သို့ မပေါများသော်လည်း စျေးကွက်ကို ပြန်လည်အထောက်အကူပြုကြောင်း သိရသည်။

 

MT