ရန်ကုန်   ဇန်နဝါရီ   ၂၁

ဇန်နဝါရီ ၂၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE Friday Fights 139 ပြိုင်ပွဲတွင် မြန်မာဖိုက်တာလေးဦး၏ တွဲဆိုင်း များ ပါဝင်လာမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဝါရင့်ဖိုက်တာ စိုးလင်းဦး၏ တစ်ကျော့ပြန်ပွဲစဉ်၊ ဆလိုင်းထန်ခွီးရှိန်၏ ဒုတိယမြောက်ပွဲစဉ်၊ မြန်မာလူငယ်ဖိုက်တာ ကျော်စွာဝင်းနှင့် နေရိုင်းတို့၏ ONE  ပွဲဦးထွက်ပွဲများ ပါဝင်လာမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စိုးလင်းဦးသည် အဓိကတွဲဆိုင်း ထိုးသတ်ရမည်ဖြစ်ပြီး ကျန်ကစားသမားများမှာ  စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ စိုးလင်းဦးသည် ထိုင်းလူငယ်ဖိုက်တာ ဝိုရာပွန်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး သုံးပွဲဆက်ရှုံးပွဲကြုံတွေ့ထားမှုကို အဆုံးသတ်ရမည်ဖြစ်သည်။ 

စိုးလင်းဦးသည် ONE နှင့် ခြောက်ပွဲထိုးသတ်ရာတွင် သုံးပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ ဝိုရာပွန်သည် ONE နှင့် ၁၁ ပွဲထိုးသတ်ထားရာ ခြောက်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားသည်။  မြန်မာ့ရိုးရာလက်ဝှေ့ ပရိသတ်များနှင့် ရင်းနှီးပြီးသားဖြစ်သည့် ကျော်စွာဝင်းသည် ONE တွင် ပထမဆုံးပွဲ ထိုးသတ် ရမည်ဖြစ်ပြီး ဂျပန်ဖိုက်တာ မူဂါနှင့် တွေ့ဆုံနေသည်။ မူဂါသည် မြန်မာဖိုက်တာများဖြစ်သည့် အဲမွီ၊ စူပါရေချမ်းတို့နှင့် ထိုးသတ်ဖူးသူဖြစ်ပြီး အဲမွီကို အရေးနိမ့်ကာ စူပါရေချမ်းကို အနိုင်ရထားသည်။

မြန်မာဖိုက်တာဖြစ်သည့် နေရိုင်းသည် ထိုင်းဖိုက်တာ ခွန်ဆွတ်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး နေရိုင်းအတွက် ONE နှင့် အဖွင့်ပွဲဖြစ်သော်လည်း ခွန်ဆွတ်မှာမူ ၁၂ ပွဲအထိ ထိုးသတ်ထားပြီးဖြစ်သည်။ မြန်မာဖိုက်တာ နောက်တစ်ဦးဖြစ်သည့် ဆလိုင်းထန်ခွီးရှိန်သည် ONE နှင့် ဒုတိယမြောက်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး အဖွင့်ပွဲတွင် အရေးနိမ့်ထားသဖြင့် နိုင်ပွဲပြန်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဆလိုင်းထန်ခွီးရှိန်သည် ထိုင်းဖိုက်တာ ယော့ယူဒွန်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး ၎င်းသည် ONE နှင့် လေးပွဲ ထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံးနိမ့်ထားသည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-onefc