ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနား ပြုလုပ်

နေပြည်တော် ဇွန် ၃၀

 

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူး၍ စာတမ်း ဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကို မြှင့်တင်ခြင်း ဖြစ်ပါကြောင်း။

 

 ကိုဗစ်-၁၉ အလွန် မြို့ပြနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ စီးပွားရေးပြန်လည် ဦးမော့လာနိုင်ရေး အတွက် ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲချမှတ်၍လည်းကောင်း၊  အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများပို့ချ၍လည်းကောင်း အမျိုးသမီးများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး (Gender Mainstreaming) ဖြစ်စေရေးအတွက် ၀န်ကြီးဌာန များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံအဆင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရား တစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဦးဆောင်မှုနှင့်အတူ ယခုကဲ့သို့ စာတမ်းဖတ်ပွဲကျင်းပ ခြင်းသည် ဆောင်ရွက်လျက်ရှိသည့် Sustainable Development Goal (SDG-5) - ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအနက် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စာတမ်းဖတ်ပွဲ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်း အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ မျိုးမြတ်မောင်က ASEAN Gender Mainstreaming Strategic Framework (AGMSF) (2021-2025) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သူဇာဝေက အမျိုးသမီးများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပါမောက္ခ ဒေါက်တာဒေါ်ခင်မေအုန်းက အမျိုးသမီးများနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်ပြရာ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေး ခဲ့ကြသည်။

 

ထို့နောက် စာတမ်းရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

 

စာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ Gender Focal Person များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)