ဇူလိုင်လတွင် ကျင်းပမည့် World Games ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာစနူကာကစားသမား အောင်ဖြိုး ရွေးချယ်ခံရ

ရန်ကုန်   မတ်   ၂၉

နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၊ အာရှ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့သည် ဇူလိုင် ၇ ရက်မှ ၁၇ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပမည့် World Games ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရသည့် ကစားသမားစာရင်းအား ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုး ပါဝင်လာသည်။

World Games ပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး မြန်မာအားကစားအဖွဲ့ ပုံမှန်ယှဉ်ပြိုင်လေ့ရှိသည့်အားကစားပြိုင်ပွဲမဟုတ်ဘဲ အခါအားလျော်စွာမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်တွင် ယှဉ်ပြိုင်ပြီးနောက်ပိုင်း ယခုနှစ်မှ အောင်ဖြိုး ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသဖြင့် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် သည် ယခုလအတွင်း ကာတာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာရှ ဘိလိယက်နှင့် စနူကာချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ ကစားသမားအောင်ဖြိုး ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပူးတွဲတတိယဆုရရှိ

အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် အောင်ဖြိုးနှင့်အတူ အခြား ကစားသမားအချို့လည်း ရွေးချယ်ခံထားရသည်။ အောင်ဖြိုးသည် ယခုလအတွင်း ကျင်းပသည့် ကမ္ဘာ့စနူကာချန်ပီယံ ရှစ်ပြိုင်ပွဲနှင့် အာရှစနူကာ ချန်ပီယံရှစ် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှ ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည်။ ထို့ကြောင့် အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ရွေးချယ်သည့် လူစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

တစ်ကျော့ပြန်ရွေးချယ်ခံ

အောင်ဖြိုးသည် မြန်မာ့လက်ရွေးစင် စနူကာကစားသမားအဖြစ် တစ်ကျော့ပြန်ရွေးချယ်ခံထားရသူ ဖြစ်ပြီး မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရဲရင့်လွင်