ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံတော်ပိုင် ဌာနဆိုင်ရာအဆောက်အဦများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

 

နေပြည်တော်၊ ဇန်နဝါရီ ၃၀

CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာ ရုံးများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

 

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက် ရှိရာ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အမှတ်(၃) ရပ်ကွက် မြို့မဈေးလမ်းရှိ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ခဲ့သဖြင့် မီးလောင်မှုကြောင့် မြေစာရင်းရုံးအတွင်းရှိ တစ်ထပ်၊ သွပ်မိုးအုတ်ညှပ် အဆောက်အဦတစ်လုံး၊ သွပ်မိုးပျဉ်ထောင် နေအိမ်လိုင်းခန်း တစ်လုံးနှင့် မြေစာရင်းရုံးနှင့် ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေး ရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိသည့် သွပ်မိုး/ အုပ်ညှပ် အဆောက်အဦ အခန်းတစ်ခန်းတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်