ကာဗွန်ဖိုင်ဘာ သို့မဟုတ် ခေတ်သစ် ယာဉ်ကိုယ်ထည်

သိပ္ပံစာရေးဆရာကိုကိုအောင်

 

 

မျက်မှောက်ကာလ၌ ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့်အညီ ယနေ့ခေတ်ပေါ် မော်ဒယ်မြင့် အပေါ့စား မော်တော်ကားငယ်များကို ကာဗွန်ဖိုင်ဘာ ကိုယ်ထည်များဖြင့် တပ်ဆင်ထုတ်လုပ်လာခဲ့ကြသည်။ ကာဗွန်ဖိုင်ဘာဆိုသော ဝေါဟာရသည် လူအများစုတို့အတွက် အခေါ်အဝေါ် အသစ်အဆန်းတစ်ခု ဖြစ်လျက်ရှိနေပြီး အဆိုပါ ဝေါဟာရနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြသေးပေ။


မော်တော်ကားထုတ်လုပ်မှု ခေတ်ဦး

မော်တော်ကားထုတ်လုပ်မှု ခေတ်ဦးကာလများက မော်တော်ကားကိုယ်ထည်များကို ထူထဲသော သံပြားများ၊ သစ်သားများဖြင့် တပ်ဆင်ထုတ်လုပ်ခဲ့ကြသည်။ စက်စွမ်းရည် အလွန်အားနည်းနေသေးသော ထိုစဉ်ကာလများက မော်တော်ကားအင်ဂျင်များ သည် လေးလံသော ဖရိန်များ၊ ထူထဲမာကြောလှသော သံပြားနှင့် သစ်သားကိုယ်ထည်များ၏ ဝန်ကိုပါ ရုန်းကြရသဖြင့် ခရီးတွင်သင့်သလောက် မတွင်နိုင်ခဲ့ကြပေ။


ထိုစဉ်က မော်တော်ကားအင်ဂျင် တည်ဆောက်မှု နည်းပညာများ မတိုးတက်သေးသလို ကားကိုယ်ထည်နှင့် ဖရိန်များ၏ အလေးချိန်ကိုလည်း မလျှော့ချနိုင်သေးပေ။ လောင်စာဆီသုံးစွဲနှုန်း မြင့်မားလှသော ခေတ်ဟောင်း မော်တော်ကားအင်ဂျင်များ၏ စွမ်းရည်သည် ကားတစ်စီး အမြင့်ဆုံးမောင်းနှင်နိုင်သော အမြန်နှုန်းကိုပါ ကန့်သတ်ထိန်းချုပ်ထားခဲ့သည်။


ယနေ့ မျက်မှောက်ကာလ မော်တော်ကားများတွင်မူ စွမ်းရည်မြင့်မားလှသော အင်ဂျင်များကို တပ်ဆင်ထားကြသလို ပေါ့ပါးလှသော ကားကိုယ်ထည်များနှင့် ပါးလွှာလှသော Chassis များဖြင့် ဖွဲ့စည်းတပ်ဆင်ထားကြသည့်အတွက် မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်သော ယာဉ်များအဖြစ် ကမ္ဘာ့မြို့ပြလမ်းမများပေါ်၌ လျင်မြန်သွက်လက်စွာ သွားလာလှုပ်ရှား လျက်ရှိနေကြပြီ ဖြစ်သည်။


ရှေးဦးလေယာဉ်နှင့် သင်္ဘော ကိုယ်ထည်များ

အမေရိကန်ပြည်ထောင်စု အိုဟိုင်းဟိုးပြည်နယ် ဒေတင်မြို့တွင် နေထိုင်ကြသော အော်ဗေးလ်ရိုက်နှင့် ဝီလ်ဘာရိုက် ညီအစ်ကို သည် ၁၉၀၃ ခုနှစ်က ကမ္ဘာ့ ပထမဦးဆုံးသော လေယာဉ်ကို အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ကြသည်။ ရိုက်ညီအစ်ကို၏ တီထွင်မှုကျေးဇူးကြောင့် နောင်မကြာမီ နှစ်ကာလများအတွင်း လူစီးလေယာဉ်များကို စတင်ထုတ်လုပ်လာနိုင်ခဲ့သည်။
ရှေးဦးလေယာဉ်များ၏ ကိုယ်ထည်ကို ပတ္တူစများဖြင့် တပ်ဆင်ထုတ်လုပ်ခဲ့ကြသည်။ လေထဲတွင် ပျံသန်းရမည့် ယာဉ်အနေဖြင့် အလေးချိန်ပေါ့ပါးစေရန် ရည်ရွယ်တပ်ဆင်ပေးခဲ့ကြခြင်း ဖြစ်သည်။ ၁၉၁၅ ခုနှစ်ကာလသို့ ရောက်ရှိလာသောအခါ လေယာဉ်ကိုယ်ထည်များကို သံမဏိနှင့် သတ္တုရောစပ်ထားသော သတ္တုစပ်အပြားများဖြင့် ဖုံးအုပ်ခဲ့ကြသည်။


ထိုကာလသို့ ရောက်ရှိချိန်တွင် မော်တော်ကား ထုတ်လုပ်မှုနည်းပညာက မတိုးတက် မထွန်းကားသေးသည့်အတွက် မော်တော်ကားကိုယ်ထည်နှင့် ဖရိန်များကို လေးလံသော သံမဏိပြားများဖြင့်သာ ထုတ်လုပ်နေကြရဆဲဖြစ်သည်။ ပင်လယ်ရေ ကြောင်းသွား ဧရာမသင်္ဘောကြီးများကို တည်ဆောက်ရာ၌လည်း ထူထဲလွန်းသော သံမဏိပြားများကိုသာ အသုံးပြု လျက်ရှိနေကြဆဲဖြစ်သည်။


ထိုစဉ်ကအသုံးပြုခဲ့ကြသော သင်္ဘောသုံး သံမဏိပြားများသည် ထူထဲလွန်းလှသည့်အတွက် သာမန်အမြင်ဖြင့် ကြည့်လျှင် အဆိုပါသံပြားများသည် ကြံ့ခိုင်တောင့်တင်းမှု အပြည့်ရှိလိမ့်မည်ဟု ထင်စရာရှိသည်။ သို့ရာတွင် နည်းပညာဆိုင်ရာ ရှုထောင့်မှကြည့်လျှင်မူ ထိုစဉ်ကာလများက သင်္ဘောသုံးသံမဏိပြားများကို ထုတ်လုပ်ကြရာတွင် မြေလွှာအောက်မှ တူးဖော်ရ ရှိသော သံမဏိရိုင်းများထဲ၌ သဘာဝအလျောက် ရောနှောပါဝင်နေသော ဆာလ်ဖာပါဝင်နှုန်းကို လျှော့ချခြင်းမပြုနိုင်ခဲ့သေး သည့်အတွက် အဆိုပါ သင်္ဘောသုံးသံမဏိပြားများမှာ ပြင်းထန်သော ထိခိုက်မှုများနှင့် ကြုံတွေ့ရပါက လွယ်လင့်တကူ ကျိုးပဲ့ ပျက်စီးသွားရလောက်အောင်ပင် ကြွပ်ဆတ်လျက်ရှိနေခဲ့သည်။


ထို့ကြောင့်ပင်လျှင် အဆိုပါ သံမဏိပြားမျိုးများဖြင့် တည်ဆောက်ခဲ့သော ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်က သမုဒ္ဒရာရေပြင်၌ မျောပါနေသည့် ရေခဲတောင်ကြီးနှင့် တိုက်မိစဉ်က လွယ်လင့်တကူ ကျိုးပဲ့ပျက်စီးကာ သုံးနာရီမျှပင် မပြည့်သော အချိန်တိုအတွင်းမှာပင် သင်္ဘောတစ်စင်းလုံး နစ်မြုပ်သွားခဲ့ရခြင်း ဖြစ်သည်။


အလူမီနီယမ် သတ္တုရော နည်းပညာ

၁၉၄၂ ခုနှစ်သို့ ရောက်ရှိလာသည့်အခါ သံ၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ မင်းဂနီးစ်၊ ဆီလီကွန်နှင့် အလူမီနီယမ်တို့ ပါဝင်ပေါင်းစပ်ထားသော အလူမီနီယမ် သတ္တုရောများကို ပြောင်းလဲသုံးစွဲလာခဲ့ကြသည်။ ပေါ့ပါးသော အလူမီနီယမ် သတ္တုရောသည် လေယာဉ်ကိုယ်ထည်ပြုလုပ်ရာတွင် အရေးပါသော ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့သည်။


အလူမီနီယမ်သတ္တုရော နည်းပညာပေါ်ပေါက်လာချိန်တွင် မော်တော်ကား ဖရိန်များအတွက် ထူထဲသော သံမဏိပြားများကိုသာ သုံးစွဲနေရဆဲဖြစ်သော်လည်း ကား ကိုယ်ထည် သံပြားများကမူ ယခင်ကထက်ပို၍ ပါးလွှာပေါ့ပါးသော အခြေအနေတစ်ရပ်အဖြစ် အဆင့်မြင့်လာခဲ့သည်။


၁၉၂၇ ခုနှစ်အရောက်တွင် အလူမီနီယမ်ပါဝင်မှု အချိုးအစား ပိုမိုများပြားသော အလူမီနီယမ် သတ္တုရောကို နည်းပညာ တစ်ဆင့်မြှင့်တင်ပြီး နစ်ကယ်သတ္တုဖြင့် ထပ်မံရောစပ်ပေးလိုက်သည့်အခါ ပို၍ ပေါ့ပါးခိုင်ခံ့သော သတ္တုရောကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြပြန်သည်။


နောက်ထပ် ဆယ်စုနှစ် တစ်စုအကြာ ၁၉၃၇ ခုနှစ် အရောက်တွင် အဆိုပါ အလူမီနီယမ်သတ္တုရောကို နည်း ပညာအသစ်ဖြင့် သွပ်နှင့် မဂ္ဂနီဆီယမ် အချိုးအဆ ပိုမိုပါဝင်အောင် ပြုပြင်ပြောင်းလဲလိုက်သည့်အခါတွင် အလွန်ပေါ့ပါးခိုင်ခံ့သော တတိယမျိုးဆက် အလူမီနီယမ် သတ္တုရောကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသည်။


ဒုတိယကမ္ဘာစစ်ကာလအတွင်းက ထုတ်လုပ်ခဲ့သော တိုက်လေယာဉ် အများစုတို့သည် ဒုတိယ မျိုးဆက်နှင့် တတိယမျိုးဆက် အလူမီနီယမ် သတ္တုရောများကို အသုံးပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကာလ နောက်ပိုင်းတွင်မူ လေယာဉ်အမျိုးအစား အားလုံးနီးပါးသည် ပိုမိုကောင်းမွန်သော တတိယမျိုးဆက် အလူမီနီယမ် သတ္တုရောများဖြင့် တပ်ဆင်ထုတ်လုပ်သော လေယာဉ်များ ဖြစ်လာခဲ့သည်။


တိုက်တေနီယမ် သတ္တုရော

ထိုမှတစ်ဆင့် အသံထက်မြန်သော ဂျက်လေယာဉ်များကို ထုတ်လုပ်လာနိုင်သည့်အခါ လေဖိအား သက်ရောက်မှုက ပြင်းထန် လွန်းသဖြင့် အလူမီနီယမ်သတ္တုရော လေယာဉ်ကိုယ်ထည်များ အက်ကွဲခြင်းနှင့် ပြတ်ထွက်ခြင်း များကို ကြုံတွေ့လာကြရသည်။ ထိုပြဿနာကို ဖြေရှင်း နိုင်ရန် သတ္တုဗေဒ အင်ဂျင်နီယာများသည် အလူမီနီယမ် သတ္တုရောထက် ပိုမိုပေါ့ပါးခိုင်ခံ့သော တိုက်တေနီယမ် သတ္တုရောကို ထပ်မံတီထွင် ထုတ်လုပ်ပေးခဲ့ကြသည်။


၁၉၇၀ ပြည့်လွန် နှစ်ကာလများတွင် ထုတ်လုပ်ခဲ့ကြသော အသံထက်မြန်သည့် ဂျက်လေယာဉ်များသည် တိုက်တေနီယမ် သတ္တုရောဖြင့် တပ်ဆင်ထုတ်လုပ်ခဲ့သော လေယာဉ်များဖြစ်ကြသည်။ ထိုအချိန်ကာလရောက်သည့် တိုင် မော်တော်ကား ကိုယ်ထည်များကို သံပြားများဖြင့်သာ ထုတ်လုပ်နေရဆဲဖြစ်သည်။ သို့ရာတွင် မော်တော်ကားသုံး သံပြားများသည် ပါးလွှာပြီး ခံနိုင်ရည် ပို၍ရှိသော အရည် အသွေးမျိုး ဖြစ်လာခဲ့သည်။


၁၉၈၀ ပြည့်နှစ် ဝန်းကျင်သို့ ရောက်ရှိလာသည့်အခါ ကားထုတ်လုပ်မှု နည်းပညာများက ထူးထူးခြားခြား ပြောင်းလဲလာခဲ့သည်။ ယခင် ခေတ်အဆက်ဆက်တွင် မော်တော်ကားအားလုံးကို ထူထဲသော သံပြားများဖြင့် ပြုလုပ်ထားသည့် ဖရိန်များပေါ်၌ တင်၍သာ တပ်ဆင်ထုတ်လုပ်ခဲ့ကြရာမှ ဆလွန်းနှင့် ဆီဒင်ကားများ၊ ပစ်ကပ် ကားငယ်များကို ပါးလွှာသည့်သံပြားများဖြင့် ပြုလုပ်ထား သော ကပ်တွဲဖရိန် (Built-in Chassis) များဖြင့် ပြောင်းလဲ ထုတ်လုပ်လာခဲ့ကြသည်။


ထိုအချိန်ကာလမှစ၍ အဆိုပါ ကားငယ်လေးများ၏ အလေးချိန်မှာ သိသာစွာ လျော့ကျသွားခဲ့သည်။ တစ်ချိန် တည်းဆိုသလိုပင် အင်ဂျင်ထုတ်လုပ်မှု နည်းပညာများက လည်း ပြောင်းလဲလာပြီး စွမ်းအားမြင့်သောအင်ဂျင်များ ဖြစ်လာခဲ့သည့်အတွက် ထိုခေတ်ထိုကာလ၏ ဆလွန်း၊ ဆီဒင်နှင့် ပစ်ကပ်ကားငယ်များသည် အများပြည်သူသုံး လမ်းမများပေါ်၌ ပေါ့ပါးသွက်လက်စွာ မောင်းနှင်သွားလာ နေကြသော အရည်အသွေးမြင့်ကားများ ဖြစ်လာခဲ့ကြသည်။


၁၉၈၀ ပြည့်နှစ်လွန် ကာလများအတွင်း လေယာဉ် ထုတ်လုပ်မှု နည်းပညာများနှင့် ကားထုတ်လုပ်မှု နည်းပညာများ ပြောင်းလဲတိုးတက်လာခဲ့သလို ပင်လယ်ကူး သင်္ဘောကြီးများ တည်ဆောက်ရာတွင်လည်း နည်းပညာအဆင့်က မြင့်မားလာ ခဲ့သည်။


သင်္ဘောသုံးသံပြားများအဖြစ် ထုတ်လုပ်မည့် သံမဏိရိုင်းများကို ဓာတုဗေဒနည်းစဉ်ဖြင့် ဆာလ်ဖာပါဝင်နှုန်း သိသာစွာ လျှော့ချပေးလာနိုင်သည့်အတွက် သင်္ဘောသုံး သံမဏိပြားများသည် အတိတ်ကာလများကကဲ့သို့ ထူထဲ လေးလံလွန်းသော အနေအထားမှ အလေးချိန်အားဖြင့် သိသိသာသာ လျော့ကျသွားခဲ့သလို ပင်လယ်နှင့် သမုဒ္ဒရာများအတွင်း၌ ခုတ်မောင်းသွား လာသည့်အခါတွင်လည်း ကြမ်းတမ်းသော လှိုင်းဒဏ်၊ လေဒဏ်များနှင့် ပြင်းထန်သော ထိခိုက်မှုဒဏ်များကို ပို၍ ခံနိုင်ရည်ရှိလာခဲ့သည်။


ကာဗွန်ဖိုင်ဘာ၏ အခန်းကဏ္ဍ

၁၉၉၀ ပြည့်လွန်နှစ်ကာလသို့ ရောက်ရှိလာသောအခါ စွမ်းရည်အလွန်မြင့်မားလာသော လေယာဉ်များအတွက် ကာဗွန်ဖိုင်ဘာ နှင့် ဂရက်ဖိုက်ဖိုင်ဘာတို့ကို ထပ်မံတီထွင်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ အလူမီနီယမ် သတ္တုရောနှင့် နှိုင်းယှဉ်လျှင် အလေးချိန် အားဖြင့် ထက်ဝက်ပေါ့ပါးပြီး ခိုင်ခံ့မှုအား သုံးဆရှိသော ကာဗွန်ဖိုင်ဘာများသည် ယာဉ် ကိုယ်ထည်ပြုလုပ်ရန်အတွက် အကောင်းဆုံးသော စက်မှုလုပ်ငန်းသုံး ပစ္စည်းတစ်မျိုးအဖြစ် ပန်းပန်လျက်ရှိနေသည်။


ကာဗွန်ဖိုင်ဘာများကို လေယာဉ်ကိုယ်ထည်များအဖြစ်သာမက ပေါ့ပါးပြီး ခိုင်ခံ့တောင့်တင်းရန် လိုအပ်သော မျက်နှာပြင်များ အဖြစ်လည်းကောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သုံး မြန်နှုန်းမြင့်ရေယာဉ် ကိုယ်ထည်များအဖြစ် လည်းကောင်း၊ အဏ္ဏဝါသုတေသန ဆိုင်ရာ ရေငုပ်သင်္ဘောငယ်များ၏ ကိုယ်ထည်အဖြစ်လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။


၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ထုတ်လုပ်သော အပေါ့စား လူစီးဆလွန်းကား ကိုယ်ထည်များကို ကာဗွန်ဖိုင်ဘာဖြင့် တပ်ဆင် ထုတ်လုပ်ပေးနေသလို ကျည်ဆန် ရထားကဲ့သို့သော မြန်နှုန်းမြင့် ရထားကိုယ်ထည်များ အတွက်လည်း ကာဗွန်ဖိုင်ဘာနှင့် ဂရက်ဖိုက်ဖိုင်ဘာတို့ကို တွင်ကျယ်စွာ သုံးစွဲလျက်ရှိနေကြပြီ ဖြစ်သည်။


အလားတူပင် ကမ္ဘာကျော် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ရွက်လှေကိုယ်ထည်များကိုလည်း ကာဗွန်ဖိုင်ဘာဖြင့် တပ်ဆင်ထုတ်လုပ်ထားကြသလို ပင်လယ်ကမ်းခြေ အပန်းဖြေလုပ်ငန်းသုံး မော်တော်ဘုတ် ကိုယ်ထည်များ ကိုလည်း ကာဗွန်ဖိုင်ဘာဖြင့်ပင် တပ်ဆင်ထုတ်လုပ်နေကြပြီ ဖြစ်သည်။


နိုင်ငံဖြတ်ကျော်ပျံသန်းပြီး ထောက်လှမ်းရေးတာဝန်နှင့် ချေမှုန်းရေးတာဝန်များကို ထမ်းဆောင်နေကြသော မောင်းသူမဲ့ လေယာဉ်များ၊ စွမ်းရည်မြင့် တိုက်လေယာဉ်များနှင့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်များ၏ ကိုယ်ထည်များကလည်း ကာဗွန်ဖိုင်ဘာကိုယ်ထည်များ ဖြစ်နေကြပြီဖြစ်သည်။


အချုပ်အားဖြင့်ဆိုရလျှင် ခေတ်သုံးဝေါဟာရတစ်ခု အဖြစ် လူသိနည်းနေသေးသော ကာဗွန်ဖိုင်ဘာ၏ အခန်း ကဏ္ဍက ကမ္ဘာအနှံ့ အလွန်ကျယ်ပြန့်လျက်ရှိနေပြီဟုသာ ဆိုရတော့မည်ဖြစ်ပေသည်။    ။