ကာဂျစ္စတန်နိုင်ငံ၌ ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာ

ဇူလိုင် ၂

ကာဂျစ္စတန်နိုင်ငံတောင်ပိုင်းတွင်  ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာကြောင်း ယမန်နေ့က ဖော်ပြထားသည်။ Osh ဒေသ Nookat မြို့တွင်  ဇွန်လ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့မြေများဖြစ်ပေါ်ပြီး ဓာတ်တိုင်များနှင့် တံတားနှစ်စင်းပျက်စီးခဲ့ပြီး နေအိမ်ခြံဝင်းများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

ထိုဒေသတွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ အပန်းဖြေနေရာတစ်ခုဖြစ်သည့် မြစ်ကမ်းဘေးတွင် အပန်းဖြေနေသော လူအုပ်စုတစ်စုသည် စီးဆင်းနေသောရွှံ့မြေတွင် မျောပါသွားခြင်းဖြစ်သည်ဟု သိရသည်။ တဒင်္ဂအတွင်းမှာပင် သေဆုံးသူ ကိုးဦးရှိလာကြောင်းနှင့် သေဆုံးသူကိုးဦးတွင် အမျိုးသမီးနှစ်ဦး၊ ဆယ်ကျော်သက်များနှင့် ကလေးငယ်များပါဝင်ကြောင်း ဖော်ပြထားသည်။

 သေဆုံးသူများအနက် လေးဦးသည် အလည်အပတ်လာရောက်သောကာဇက်စတန်နိုင်ငံသားများဖြစ်သည်။Osh ဒေသ Kara-Kulja ခရိုင်တွင် ဇွန်လ ၃၀ ရက်ညနေပိုင်းက မိသားစုဝင်ငါးဦးပါရှိသော ခရီးသည်တင်ကားတစ်စီးသည် ရွှံ့မြေစီးဆင်းမှုတွင် မျောပါသွားရာ အသက် ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးသာလျှင် လွတ်မြောက်ခဲ့သည်ဟု သိရသည်။  ထိုဒေသတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို