ကာဂျစ္စတန်ဝန်ကြီးချုပ်နှင့် ပါလီမန်ဥက္ကဌတို့ ရာထူးမှနုတ်ထွက်

၇ အောက်တိုဘာ

ကာဂျစ္စတန်နိုင်ငံဝန်ကြီးချုပ် ကူဘတ်ဘက်ခ် ဘော်ရိုနော့ဗ်နှင့် ပါလီမန်ဥက္ကဌ ဒါစတန် ဒက်ရှ်ဟမ်အဘီကော့ဗ်တို့နှစ်ဦးသည် နိုင်ငံအတွင်းရှိ ဆန္ဒပြမှုများအကြား ယမန်နေ့က ရာထူးမှနုတ်ထွက်ခဲ့ကြသည်။

ထိုနေ့မှာပင် အစည်းအဝေးပြုလုပ်ပြီး ပါလီမန် ဥက္ကဌသစ်နှင့် ကာဂျစ္စတန်နိုင်ငံ၏ ခေတ္တ ဝန်ကြီးချုပ်အသစ် တို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်။

ပါလီမန်အမတ်ဖြစ်သူ အက်ဒီလ်ဒက်ဗ်သည် ပါလီမန်ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး အတိုက်အခံခေါင်းဆောင် ဇာပါရို့ဗ်သည် ခေတ္တဝန်ကြီးချုပ် ဖြစ်လာသည်။

ဇာပါရိုဗ် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း ဓားစာခံအဖြစ် စွဲချက်တင်မှုဖြင့် ထောင်ကျနေရာမှ ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ရန် တောင်းဆိုသည့် ဆန္ဒပြသူပွဲများအကြား လွတ်မြောက်လာခဲ့သူဖြစ်သည်။

တနင်္လာနေ့က ပါလီမန်ရွေးကောက်ပွဲများတွင် ရှုံးနိမ့်သွားသော နိုင်ငံရေးပါတီများမှအဖွဲ့ဝင်များသည် ဘီရှကက်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြသမားများသည် အစိုးရအဆောက်အအုံများနှင့် ပါလီမန်အဆောက်အုံကို သိမ်းယူထားသည်။

ရဲတပ်ဖွဲ့များသည် ထိုဆန္ဒပြသမားများကို လူစုခွဲရန် ရာဘာကျည်ဆံများနှင့် လက်ပစ်ဗုံးများအသုံးပြုခဲ့ကြသည်။

ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသမားများအကြား တိုက်ပွဲများ ဖြစ်ပွားသဖြင့် လူ တစ်ဦးသေဆုံးပြီး ၆၈၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်က ပါလီမန်ရွေးကောက်ပွဲရလဒ်များကို ယမန်နေ့က ပယ်ဖျက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို