ကာကွယ်ဆေးထိုးပြီးသား ခရီးသွားများအတွက် ဩစတေးလျနယ်စပ်တံခါးများ ဖွင့်ပေးတော့မည်

ဆစ်ဒနီ နိုဝင်ဘာ ၂၄

 

ဩစတြေးလျနိုင်ငံသည် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကာကွယ်ဆေးအပြည့်ထိုးပြီးသား ဗီဇာကိုင်ဆောင်ထားသည့် ခရီးသွားများကို တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။

 

ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစတင်ကာ ဗိုင်းရပ်စ်ကူးစက်မှုများကို တားဆီးနိုင်ရေးအတွက် နယ်စပ်တံခါးများကို ပိတ်ပစ်ခဲ့ပြီး ဩစတြေးလျနိုင်ငံတွင် အလုပ်လုပ်လိုသူများ၊ သို့မဟုတ် အရေးတကြီး စီးပွားရေးကိစ္စရှိသူများသည် ခရီးသွားကင်းလွတ်ခွင့် ရရှိရန်လိုအပ်သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ဩစတြေးလျအစိုးရ ထုတ်ပြန်ကြေညာချက်အရ အရည်အချင်းပြည့်မီသည့် လုပ်သားများနှင့် ကျောင်းသားများအပါအဝင် ဗီဇာ ကိုင်ဆောင်ထားသူများသည် ဩစတြေးလျနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်ဟု သိရသည်။

 

ကာကွယ်ဆေးအပြည့်ထိုးထားကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း လက်မှတ်ပြသရမည် ဖြစ်သည်။ လာမည့်လမှ စတင်ကာ အချို့သောအခြေအနေအောက်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့မှလာသော ကာကွယ်ဆေးအပြည့် ထိုးပြီးသားခရီးသွားများကို ဩစတြေးလျနိုင်ငံက ပြန်လည်လက်ခံသွားမည်ဟုလည်း ကြေညာ ခဲ့သည်။

 

နယ်စပ်တံခါးများ ပြန်လည်ဖွင့်လှစ်ပေးခြင်းမှာ တိုင်းပြည်စီးပွားရေးအတွက်ပင် ဖြစ်သည်ဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထောက်များကို ပြောသည်။

ဆင်ဟွာ