Kaspersky Lab ကုမ္ပဏီ ၏ ဆော့ဖ်ဝဲလ်များ အသုံးပြုမှုကို လစ်သူရေးနီးယား အစိုးရ လုပ်ငန်းများတွင် တားမြစ်

Vilnius  ၂၂ ဒီဇင်ဘာ


မော်စကို အခြေစိုက် Kaspersky Lab  ကုမ္ပဏီဟာ လစ်သူရေးနီးယားနိုင်ငံ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနဲ့ သူ့ရဲ့ ဆော့ဖ်ဝဲတွေကို အရေးပါတဲ့ ကွန်ပျူတာတွေမှာ အသုံးမပြုရန် ပိတ်သိမ်းသွားတော့မှာ ဖြစ်ကြောင်း လစ်သူရေးနီးယား အစိုးရက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး အစရှိတဲ့ ကဏ္ဍတွေအပါအဝင် ဆက်စပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီအချို့မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေကို Kaspersky အသုံးပြုမှုကို ရပ်တန့်သွားတော့မှာ ဖြစ်ပြီး အစိုးရအဖွဲ့အစည်းတွေကတော့ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီများရဲ့ အကာကွယ်မရဘဲ သူတို့ လုပ်ငန်းတွေကို ယုံကြည်စိတ်ချစွာ အလုပ်လုပ်နိုင်ခြင်း မရှိလောက်သေးဘူးလို့ ရိုက်တာသတင်းတစ်ရပ်အရ သိရပါတယ်။


Kaspersky Lab ဟာ နာမည်ကျော် နည်းပညာလုံခြုံရေး ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲတွေကို  အမေရိကန်မှာ အသုံးမပြုဖို့ ဒီနှစ်ပိုင်းမှာ တားမြစ်ခံနေရပါတယ်။ ကုမ္ပဏီအနေနဲ့ ရုရှားထောက်လှမ်းရေးကို ကူညီနေကြောင်း အမေရိကန် စုံစမ်းထောက်လှမ်းရေး CIA က စွပ်စွဲပြီးနောက် ခုလို တားမြစ်ခံရတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလဲ ဗြိတိန် ဆိုက်ဘာလုံခြုံရေးဟာ Kaspersky Lab ရဲ့ နည်းပညာဆော့ဖ်ဝဲများ အသုံးပြုနေမှုကို ရှောင်နိုင်ဖို့ ဗြိတိန် အစိုးရကို တိုက်တွန်းထားပါသေးတယ်။


အဲဒီလို တားမြစ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Kaspersky Lab ဟာ လစ်သူရေးနီးယား အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုကိုပါ ထပ်မံ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ လစ်သူရေးနီးယား နိုင်ငံ ဆိုက်ဘာလုံခြုံရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူး Rytis Rainys ကတော့ “ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်များနဲ့ ထောက်လှမ်းရေး သတင်းတွေကို ကောက်ချက်ဆွဲပြောရရင် ဆော့ဖ်ဝဲလ်ကြောင့် သတင်းပေါက်ကြားမှုတွေ ဖြစ်လာနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။


Kaspersky Lab  ဘက်ကတော့ ကုမ္ပဏီအနေနဲ့ ဘယ်အစိုးရကိုမှ တိုက်ခိုက်မှုမလုပ်ပါဘူး လစ်သူရေးနီးယား အစိုးရရဲ့ ဆုံးဖြတ်ချက်ကတော့ စိတ်ပျက်စရာပါပဲ Kaspersky Lab  ကုမ္ပဏီဟာ နိုင်ငံရေးအားပြိုင်မှုကြားထဲမှာ ကြားညပ်နေတာပါ ဒါကို လူသိရှင်ကြား ချပြဖို့ သက်သေအထောက်အထား အခိုင်အမာရှိကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။


စိုးမိုးဇော် (MDN)

ကိုးကား-ရိုက်တာ