ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မန္တလေး  ဧပြီ   ၂၁

 

ကဆုန်လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေမြတ် အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ      ဆက်ကပ်လောင်းလှူပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌   ကျင်းပရာ   မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊    တိုင်းအဆင့်   ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃  ခုနှစ်  ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင်  ကျင်းပ ပြုလုပ်မည့်   မန္တလေးမြို့လေးပြင်လေးရပ်ရှိ  ဆရာ တော်၊   သံဃာတော်   ၁၀၂၆၈   ပါးတို့အား  ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း   အခမ်းအနားကို  စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ သာသနာရေးဆိုင်ရာ အခမ်း အနားဖြစ်သည့်အတွက်    ခမ်းနားထည်ဝါစွာဖြင့် ကြည်ညိုဖွယ်ဖြစ်စေရေးနှင့် လေးပြင်လေးရပ်တွင် အခမ်းအနားပြင်ဆင်မှုများ    အချိန်မီပြီးစီးနိုင်ရန် လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးညှိနှိုင်းကာလစ်ဟာမှုမရှိအောင် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလှူခံသံဃာတော်များနှင့် အလှူရှင်များ အဆင်ပြေ စိတ်ချမ်းမြေ့စေရေး အလေးအနက်ထား  ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် အစဉ်အလာ မပျက်   စည်ကားသိုက်မြိုက်စွာ  ကျင်းပသည့်   ကဆုန်ညောင်ရည်သွန်းလောင်းပွဲများကို လည်း ကျင်းပသွားရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ   လုပ်ငန်းကဏ္ဍများအလိုက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းအစီအမံများနှင့် အကြံပြုဆွေးနွေး တင်ပြကြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က        လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က  ကြီးမှူးဆောင်ရွက်မည့်  သာသနာတော်နှစ် (၂၅၆၇)အထိမ်း အမှတ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) မေ ၃ ရက် နံနက်ပိုင်းတွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း၊ ကျုံးတောင်ဘက်(တောင်ပြင်)  ၂၆  လမ်းအတိုင်း၊ ကျုံးအနောက်ဘက်(နောက်ပြင်)လမ်း ၈၀ အတိုင်း    နှင့်   ကျုံးမြောက်ဘက်(မြောက်ပြင်)   ၁၂  လမ်း တစ်လျှောက်တို့တွင် သံဃာတော် ၂၅၆၇ ပါးစီတို့ဖြင့် စုစုပေါင်းသံဃာတော်   ၁၀၂၆၈   ပါးတို့အား  ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မဝတ္ထုငွေများ  လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လောင်းလှူနိုင်ရန်နှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်