ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ပွဲ ကျင်းပ

နေပြည်တော်   မေ    ၃

 

ကဆုန်လပြည့်  ဗုဒ္ဓနေ့အထိမ်းအမှတ်  ဆီမီးတိုင်များကိုင်ဆောင်၍  လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပသည်။

 

ဦးစွာ စုရပ်တပေါင်းကွင်းမှ စတင်ထွက်ခွာကြပြီး ဗျာဒိတ်တော် ခံယူတော်မူခြင်းယာဉ်နှင့် သာသနာ့အလံ၊   ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ဦး၌ လည်းကောင်း၊  ဖွားမြင်တော်မူခြင်းယာဉ်နှင့်  သာသနာ့အလံ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့်   ဝန်ကြီးဌာနများမှ ဝန်ထမ်းများက စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဦး၌ လည်းကောင်း၊ ဘုရားပွင့်တော်မူခြင်း ယာဉ်နှင့် သာသနာ့အလံ၊  ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်ဦး၌ လည်းကောင်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်း ယာဉ်နှင့်  သာသနာ့အလံများ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများက တောင်ဘက်မုခ်ဦး၌ လည်းကောင်း ရောက်ရှိနေရာယူ ကြသည်။

 

ထိုမှတစ်ဆင့် သာသနာ့အလံများ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့်ကျောင်းသား ကျောင်းသူ များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမုခ်ဦးများမှတစ်ဆင့် စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ တစ်ပြိုင်တည်း တက်ရောက်၍ သတ်မှတ်နေရာများ၌ အလံတိုင်များနှင့်   ဆီမီးတိုင် များကို  စိုက်ထူပူဇော်ကြသည်။

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ရာတွင် ကျောင်းသား   ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်း စုစုပေါင်း ၁၀၈၀ ဖြင့် လှည့်လည်ပူဇော်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်