ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျန်းမာရေးနှင့်အညီ ညောင်ရေသွန်းကြပါစို့

"ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လရောက်ပြီဆိုလျှင် အပူချိန်သည် ပုံမှန်ထက် မြင့်တက်လေ့ ရှိသည်။ ဧပြီလကတည်းကပင် တချို့သောဒေသများ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ် အထိပင်ရှိနေပြီ ဖြစ်သည်။ မေလအတွင်း အပူချိန် ဆက်လက်မြင့်တက်ဖွယ်ရာလည်း ရှိနေသည်။ သို့သော် မေလဆန်းပိုင်းတွင် မိုးရွာသွန်း ခဲ့သဖြင့် အပူချိန်နည်းနည်းလျော့သွားသည်။ နွေရာသီတွင် ပူပြင်းခြောက်သွေ့မှုကြောင့် တချို့သောဒေသများ တွင် သောက်သုံးရေ ရှားပါးလေ့ရှိသည်။ နွေရာသီတွင် ရေရှားပါးပြတ်လပ်မှုများ ရှိနေသော်လည်း အလှူဒါန ရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေကိုရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက် ခပ်ယူကာ မဟာဗောဓိညောင်ပင်အား ကုသိုလ်ဖြစ် ရေလောင်းလှူကြပါသည်။ ရှေးယခင် ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်း ရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထတစ်ခုပင် ဖြစ်သည်။

ကဆုန်လဆိုသည်မှာ 

ကဆုန်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လကို မြန်မာ့မူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းယှဉ် နက္ခတ်မှာ ဝိသာခါနက္ခတ် ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာ ဖြစ်သည်။ ရာသီရုပ်မှာ နွားလားရုပ် ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟု ရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်း ဖြစ်သည်။ ကု၊ က၏ အနက်အဓိပ္ပာယ်သည် ရေ ဖြစ်သည်။ ဆုန်၏ အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်း ဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟု အဓိပ္ပာယ် ကောက်ယူနိုင်ပေသည်။

ကဆုန်လသည် အပူဓာတ်လွန်ကဲသော လဖြစ်သည်။ မြစ်၊ ချောင်း၊ အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသော လလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ နှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံးအချိန် ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါး ပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကိုရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါတရား ထက်သန်စွာဖြင့် ရေစင်သွန်းလောင်းလေ့ရှိကြသည်။ ထို့အပြင် ကဆုန်လပြည့်နေ့ကို ကဆုန်ညောင်ရေသွန်း ပွဲတော်အခါ သမယနေ့ဟုလည်း ခေါ်လေ့ရှိကြသည်။

"ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ" ဆိုသည့်အတိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ့(သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ( ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့် အကြောင်းတရားလေးပါးနှင့် ပြည့်စုံတော်မူသော နေ့ထူးနေ့မြတ်ပင် ဖြစ်သည်။

စွန့်လွှတ်မှုများစွာ 

မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းလှသည့် နွေရာသီတွင် ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်တော် ခံယူပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ဖြည့်ကျင့်ခဲ့ရသည်။ ထိုကာလများတွင် မြတ်စွာဘုရားအလောင်းတော်သည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာကို စွန့်လွှတ်ခဲ့ရသည်။ အထူးသဖြင့် သာမန်ပုထုဇဉ်လူသားတို့ ပြုနိုင်ခဲသော ခန္တီပါရမီကို ဖြည့်ကျင့်နိုင်မှုပင် ဖြစ်သည်။ အလှူအတန်းနှင့် ပတ်သက်၍ ဇနီး၊ သား၊ သမီးများအပါအဝင် မိမိအသက်ကိုပင် ဘဝပေါင်းများစွာ၌ စွန့်လွှတ်လှူဒါန်းနိုင်ခဲ့ပေသည်။

မြတ်စွာဘုရား၏မိခင် သီရိမဟာ မာယာဒေဝီမိဖုရား ကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေချိန်တွင် မွေးရပ်မြေ ဒေဝဒဟပြည်ရှိဆွေမျိုးများထံသို့ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပ္ပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရားလောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ ခရီးရှည်မသွားရောက်ရန် အကြိမ်ကြိမ်တားဆီးခဲ့ပါသည်။ သို့ရာတွင် မိဖုရားကြီး၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေမျိုးများထံသို့ သွားရောက်ရန် ခွင့်ပြုပေးခဲ့ရသည်။ သုဒ္ဓေါဓနမင်းကြီး ထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလတ်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလိုပူပြင်းသည့် နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်သည်။

သစ္စာလေးပါးကိုသိမြင် 

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသောဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင် သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီး လေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန်အတွက် တောထွက်တော်မူခဲ့သည်။

တောရပ်မြိုင်တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာ လေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်း ဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ်တောက်ပူပြင်းလှသည့် ကဆုန်လ၏ နေရောင် အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်း ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကိုကယ်တင်နိုင်ရန် အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ် အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့်တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့သည်။ ထိုသို့ ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာ ဘုရားနှင့်ဆက်စပ်သော ထူးခြားသည့် ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင် ဖြစ်သည်။

ဆိုရလျှင် နှစ်စဉ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင် ဖြစ်သည်။ ထိုနေ့သည်ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သော သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရား အလောင်းတော်သည် ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါးတရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့် ကြားမှပင် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတ ဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်း တရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့်အညီ ညောင်ရေသွန်းကြပါစို့

အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်း ပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအဖြစ်ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့၌ အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်း ဖြစ်သည်။ ထိုသို့မြတ်စွာဘုရားအား ရည်မှန်း၍ ကုသိုလ်ပြုကြသောကြောင့် ယုံကြည်မှု သဒ္ဓါတရားအပေါ်မူတည်၍ အကျိုးပေးမှုများလည်း ကွာခြားလှပေသည်။

သို့သော် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသဖြင့် လူစုလူဝေးဖြင့် ပြုလုပ်ရ သည့် အခမ်းအနားများ မပြုလုပ်ရန် နိုင်ငံတော် အစိုးရ က ပြည်သူသို့ ပန်ကြားထားရှိသည်။ ထို့ကြောင့် ယခုနှစ် တွင် ပြည်သူများအနေဖြင့် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ် နိုင်တော့မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် ကျန်းမာရေး နှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ အပြင်မှ ပြန်ရောက်လျှင် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်း၊ အဝတ်အစားများကို တစ်ခါတည်း လျှော်ဖွပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာပြီး ညောင်ရေသွန်းခြင်း၊ လူစုလူဝေးဖြင့် တစ်ပြိုင်တည်းမသွားဘဲ လူစုခွဲပြီးညောင်ရေသွန်းခြင်းများ ပြုလုပ်သွားမည်ဆိုလျှင် ကုသိုလ်အထူး ရရှိနိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု ဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ ဖြစ်တော်စဉ်များ ပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ကဆုန် လပြည့်နေ့တွင် မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့သည့် တရားတော်များနှင့်အညီ မြန်မာပီပီမေတ္တာ တရားကို အရင်းခံလျက် ဒါန၊ သီလ၊ ဘာဝနာများ ပွားများကာ ကောင်းမှုကုသိုလ်အစုစုကိုဆတက်ထမ်းပိုး ပြုလုပ်သွားနိုင်ကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)