ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ရှိ ဘုရားစေတီပုထိုးများ၌ ညောင်ရေသွန်းလောင်းသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

မန္တလေး မေ  ၃

 

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေ သွန်းလောင်းပူဇော်ပွဲများ ကျင်းပခြင်း၊ မန္တလေးမြို့ လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင် တော်မြတ်အား ရေတော်ဆရာတော် အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရဟန်းရှင် လူပြည်သူများ ဓမ္မစင်္ကြာဝတ် အသင်းများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူ ပူဇော်ခြင်း၊ ခုနှစ်နေ့နံဘုရားများတွင် ရေသပ္ပါယ်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဉီးဆောင်၍ အလှူရှင်များက မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် (၁၀၂၆၈)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပရာ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကိုလည်း သဒ္ဓါတရားထက် သန်စွာဖြင့် လောင်းလှူကြသည့် ပုံရိပ်များသည်လည်း နေ့ထူးနေ့မြတ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ကြည်ညိုဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်ကြရသည်။

 

အလားတူ မန္တလေးမြို့တွင်းရှိ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟ ဘုရား၊ ကျောက်စိမ်းစေတီတော်နှင့် အောင်တော်မူ မြတ်စွာဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကား လျက်ရှိပြီး အလှူရှင်များကလည်း စတုဒိသာ ကြာဆံဟင်း၊ ရေသန့်၊ အချိုရည်များဖြင့် လှူဒါန်း တိုက်ကျွေးကြသည်။

 

ထို့အတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်၊ မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်တို့ တွင်လည်း  ညောင်ရေသွန်း လောင်းပူဇော်ပွဲများကျင်းပကြရာ  ညောင်ရေသွန်းလောင်း ပူဇော်ကြသူများနှင့် ဘုရားဖူးလာ ပြည်သူများကို အလှူရှင်များက အအေးစတုဒိသာများဖြင့် တိုက်ကျွေး ကုသိုလ်ပြုကြသည်။ 

 

ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည့် မဟာဗောဓိ ညောင်ပင်များ၌လည်း ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် မန္တလေးမြို့လုံးအနှံ့ စည်ကားလျက်ရှိကြောင်း သိရသည်။       

မောင်အေးချမ်း