ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား၌ သရက်သီးစတုဒိသာ ကျွေးမွေးလှူဒါန်း

မန္တလေး ၁၈  မေ 

မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓ) နေ့တွင် မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား၌ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးဆောင်၍ ဘုရားဖူးလာပြည်သူများအား သရက်သီးစတုဒိသာ ကျွေမွေး၍ ကုသိုလ်ပြု လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာ့သရက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေး)မှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့် ထုတ်ကုန်ဈေးရောင်းပွဲတော်ကို မေ ၁၆ ရက်မှ ၁၈ ရက်အထိ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီး၌ ကျင်းပလျက်ရှိရာ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ကဆုန်လပြည့်နေတွင် ယခုကဲ့သို့ ကုသိုလ်ပြုလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

"ကျွန်တော်တို့အသင်းက ကြီးမှူးကျင်းပတဲ့ သရက်ပွဲတော်က ကဆုန်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် ကုသိုလ်တော်ဘုရားကို ညောင်ရေသွန်းလောင်းလှူဖို့ လာကြတဲ့ ဘုရားဖူးလာပြည်သူတွေ ပျော်ရွှင်စေဖို့ စိန်တစ်လုံးနဲ့ နန်းသူစံမြိတ်သရက်သီး အမျိုးအစား နှစ်မျိုးပေါင်း အလုံး ၇၀ဝ ကျော်ကို အသင့်စားသုံးနိုင်အောင် ခွဲစိတ်ပြီးမှ စတုဒိသာအဖြစ် ကျွေးမွေးတာပါ''ဟု မြန်မာ့သရက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံ ကုန်စည်ဒိုင်အသင်းမှလည်း ကဆုန်လပြည့်နေ့ ညနေပိုင်းအချိန်တွင် ကုသိုလ်တော်ဘုရား၌ ဘုရားဖူးလာပြည်သူများအား အရည်အသွေး ကောင်းမွန်၍ တန်ဖိုးကြီးမြင့်သည့် မြန်မာ့စိန်တစ်လုံး သရက်သီးကို လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ကြစေရန် ရည်ရွယ်၍ လျော့ဈေးဖြင့် ကုသိုလ်ပြု ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

mdn

 

''မနှစ်က ဒီလိုဈေးရောင်းပွဲတော်မှာ လျော့ဈေးနဲ့ ရောင်းချပေးလိုက်တဲ့အတွက် လူသိများသွားပါတယ်။ ဒီနှစ်မှာ စိန်တစ်လုံး သရက်သီးက အထွက်နှုန်းနည်းပါးတဲ့အတွက် ဈေးနှုန်းကလည်း အခါတိုင်းနှစ်ထက် ပိုပြီးတော့ ကောင်းနေတယ်။ ဒါကြောင့် အရသာထူကဲတဲ့ စိန်တစ်လုံးသရက်ကို လူတိုင်းစားသုံးနိုင်အောင် တစ်လုံးကို ငါးဆယ်ကျပ်တန် ငွေစက္ကူနဲ့ ဈေးလျော့ပြီး အလုံး ၄၀ဝ၀ ကျော်လောက် ရောင်းချပေးတာပါ။ ရောင်းလို့ရတဲ့ ငွေအားလုံးကိုလည်း ကုသိုလ်တော်ဘုရားကို လှူဒါန်းသွားမှာပါ”ဟု အဆိုပါ ကုန်စည်ဒိုင် အသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

မြန်မာ့ဆယ့်နှစ်လရာသီဝင် ပွဲတော်တစ်ခုဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် မန္တလေးမြို့လုံးအနှံ့ ဗောဓိညောင်ပင်တွင် ရေစင်သွန်းလောင်း ကုသိုလ်ပြုသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိရာ တန်ခိုးကြီး ဘုရားများနှင့် မြို့နယ်ရပ်ကွက်များတွင် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မန်းကိုယ်ပွား