ကဆုန်ညောင်ရေသွန်းလောင်းပွဲ တနင်္သာရီ၌ စည်ကားစွာကျင်းပ

တနင်္သာရီ  ၁၈  မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)အဖြစ် မေလ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ချောင်းငယ်ရပ်ကွက်၊ မြို့ဦးကျောင်းတိုက် ပရိဝုဏ်အတွင်းရှိ  ဗောဓိညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ညောင်ရေသွန်းလောင်းပွဲကို အထူးစည်ကားစွာ ကျင်းပခဲ့ကြသည်။

 

ရှေးဦးစွာ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးမှ ဗုဒ္ဓဆင်းတုတော်အားပင့်ဆောင်လျက် မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ အရပ် လူကြီးများ၊ ဥပသကာအအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသူ/ကျောင်းသားများ၊ ချာင်းကြီးကျောင်းနှင့် မြို့ဦးကျောင်းတို့မှ ဓမ္မစကူးလ်ဆရာ/ ဆရာမများနှင့် ဓမ္မစကူးလ်ကျောင်းသူ/ ကျောင်းသားများ စုစုပေါင်းအင်အား (၇၅ဝ) ကျော်တို့သည် ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ပြီး ချောင်းကြီး ကျောင်းတိုက်အရှေ့စုရပ်မှစ၍ မင်္ဂလာ ကြီးလမ်း-သုခလမ်း-ဈေးလမ်းအတိုင်း ချောင်းငယ်ရပ်ကွက်-မြို့ဦးကျောင်းတိုက်သို့ စုပေါင်းညီညာစွာ သွားရောက်ခဲ့ကြသည်။

 

ဆက်လက်၍ မြို့ဦးကျောင်းတိုက် သာသနာ့ဟိတ-ဓမ္မာရုံအတွင်း နံနက် ၈ နာရီ ၁ဝ မိနစ်အချိန်၌ နမောတဿဘုရားသုံးကြိမ်ကန်တော့ပြီး၊ မြို့ဦးကျောင်းတိုက်ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တဇောတိက မှ ငါးပါးသီလနှင့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများအား သြဝါဒမြွက်ကြား ပေးတော်ပြီးနောက်  ဆရာတော်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ လှူဘွယ်ဝတ္ထုဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းအမျှပေးဝေခဲ့ကြသည်။

 

ထို့နောက် ဆရာတော်နှင့်တကွ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ဗောဓိညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်များကို စည်ကားစွာ ညောင်ရေသွန်းလောင်းခဲ့ကြကြောင်းနှင့် ဆရာတော်/သံဃာတော် အရှင်သူ မြတ်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

ge DSC_34