ကေ-ရေ၊ ကဲ့-ရဲ့ ၊ ကယ်-ရယ်

mdn

မောင်ခင်မင် (ဓနုဖြူ)

“ထူးဆန်းတဲ့စကားတစ်ခုအကြောင်း မေးချင်လို့ပါ ဆရာကြီး”

“ဘယ်လိုထူးဆန်းတာလဲ သမီးရဲ့”

“သမီးတို့ရွာက ဆွေမျိုးတွေဆီ အရင်အပတ်က သွားလည်တာ၊ သမီးရဲ့ အဒေါ်တစ်ယောက်က သမီးကို လှမ်းခေါ်တဲ့စကားတစ်ခု ကြားခဲ့ရလို့ပါ”

“ဘယ်လိုလှမ်းခေါ်လို့လဲ သမီးရဲ့”

“သမီးကို ‘ထွေးမြတ်မြတ်ကေတို့အိမ်ကို လာလည်ပါဦး’ လို့ လှမ်းခေါ်တာပါ ဆရာကြီး”

“ဘယ်စကားက ထူးဆန်းနေလို့လဲ သမီးရဲ့”

“သမီးနာမည်ကို ‘ထွေးမြတ်မြတ်ကေ’ လို့ ခေါ်ပုံ က ထူးဆန်းနေလို့ပါ။ ထွေးမြတ်မြတ်ရေ...လို့ခေါ်ရမှာ ကို ထွေးမြတ်မြတ်ကေလို့ ခေါ်လိုက်တော့ သမီး ရုတ်တရက် နားမလည်လိုက်ပါဘူး ဆရာကြီး။ နောက်မှ သမီးကိုခေါ်တာပါလားလို့ နားလည်သွားလို့ပါ”

“ဟုတ်ပြီ။ ဒါဆို သမီးနာမည်ကို လှမ်းခေါ်တာ ‘...ရေ’ လို့ မခေါ်ဘဲ ‘...ကေ’ လို့ ခေါ်လိုက်တာ သမီးက မှားတယ်ထင်တာပေါ့”

“သမီးတို့ကြားနေကျမဟုတ်တော့ မှားတယ်ထင်လို့ပါ ဆရာကြီး”

“ဟုတ်ပါပြီ။ မြန်မာအပြောစကားမှာ အဲဒီအသုံး အနှုန်းမျိုးတွေက စိတ်ဝင်စားစရာတစ်ခုပါ။ တကယ်တော့ သမီးအဒေါ် ခေါ်လိုက်တဲ့ ‘ထွေးမြတ်မြတ်ကေ’ ဆိုတဲ့ခေါ်ပုံဟာ အမှားမဟုတ်ပါဘူး။ သမီးနာမည်မျိုး ဆိုရင် အဲဒီလိုခေါ်တတ်ကြတာပဲလေ”

“ရှင်...သမီးနာမည်မျိုး... အဲဒါဘာဆိုလိုတာပါလဲ ဆရာကြီး”

“သမီးနာမည်က ထွေးမြတ်မြတ်မဟုတ်လား။ အဆုံးမှာ တ-သတ်ပါတဲ့အသံပေါ့”

“ဟုတ်ကဲ့ပါ”

“သမီးနာမည်လိုပဲ ခင်အေးသက်တို့၊ မောင်ချစ်တို့၊ ဘုတ်ဘုတ်တို့၊ မေလွတ်လပ်တို့ဆိုတဲ့ နာမည်တွေ က ကသတ်၊ စသတ်၊ တသတ်၊ ပသတ်ဆိုတဲ့ အသတ်တွေနဲ့ အဆုံးသတ်ထားတဲ့ နာမည်တွေပဲလေ။ အဲဒီ အသံတွေက အသံပြတ်တာမို့ စကားပြောတဲ့၊ ဆိုတဲ့နေရာမှာ အဲဒီအသံတွေနဲ့ တွဲသုံးတဲ့စကားတွေက ဒီ့ပြင် အသံတွေနဲ့ မတူတာတွေရှိတယ်”

“ပြောပြပါ ဆရာကြီး”

“ဆရာက ခုနသမီးပြောတဲ့ ‘...ကေ’ ဆိုတဲ့ အသုံး နဲ့ ပတ်သက်ပြီး သာဓကပြမယ်။ ဒီစာအုပ်ကို ကြည့်ပါ။ စာအုပ်နာမည် ဘာလဲ”

“တက္ကသိုလ်မြန်မာအဘိဓာန်ပါ ဆရာကြီး”

“အဲဒီအဘိဓာန်က တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနက ဌာနမှူးဆရာကြီး ဦးဝန် ပြုစုခဲ့တာပေါ့။ အဲ... ဦးဝန်ဆိုတာ စာရေးဆရာကြီး မင်းသုဝဏ်လေ”

“သြော်...ဟုတ်ကဲ့ပါ”

“ဆရာကြီး ဦးဝန်က အဲဒီအဘိဓာန်ကြီးကို နှစ်ပေါင်းများစွာ အချိန်ယူပြီး ပြုစုခဲ့တာမို့ တော်တော် စုံပါတယ်။ ကဲ...ဟောဒီစာမျက်နှာ ၂၄ မှာ ကြည့်လိုက် စမ်း။ သမီးပြောတဲ့ ‘...ကေ’ ကို ဘယ်လိုဖွင့်ထားတယ် ဆိုတာ တွေ့လိမ့်မယ်”

“ဟုတ်ကဲ့။ သမီးဖတ်ပြပါ့မယ်။ ‘ကေ’ ကို ဖွင့်ထား တာ ‘လူတစ်ဦးကိုလှမ်းခေါ်သောအခါ နောက်ကဆက် ရသော အာလုပ်ပစ္စည်းစကား’ လို့ ဖွင့်ထားပါတယ်”

“ဆက်ဖတ်ပါဦး”

“ဟုတ်ကဲ့၊ က်၊ စ်၊ တ်၊ ပ် တို့ဖြင့်ဆုံးသော အမည် နောက်၌ ‘ကေ’ ကို သုံးတတ်၍ အခြားအမည်များ နောက်၌ ‘ရေ’ ကို သုံးတတ်သည်...တဲ့။ ပြီးတော့ ဤပစ္စည်းစကားတို့တွင် ခင်မင်ကျွမ်းဝင်ခြင်းသဘော သက်ဝင်လျက်ရှိသည်။ ‘မောင်နက်ကေ၊ မောင်ချစ်ကေ၊ မောင်မြတ်ကေ၊ မလှရေ၊ မအေးရေ၊ မစိန်ရေ၊ မခင်ရေ’ တဲ့...။ သြော် ဒါကြောင့် အဒေါ်က သမီးကိုထွေးမြတ်မြတ် ကေလို့ခေါ်တာကိုး။ နားလည်ပါပြီ ဆရာကြီး၊ သိပ်ကျေး ဇူးတင်ပါတယ်”

“ တစ်ဆက်တည်းပြောရရင် ‘ ကေ ‘ နဲ့ ‘ရေ’ လို အသုံးကွဲတဲ့ ဒီ့ပြင်အသုံးတွေလည်း ရှိတယ်...ကွဲ့”

“မှတ်သားပါရစေ ဆရာကြီး”

“ကဲ့ နဲ့ ရဲ့ လည်း အဲဒီလိုပဲပေါ့။ ရှေ့မှာ က်၊ စ်၊ တ်၊ ပ် ရှိရင်နောက်က ‘ကဲ့’ ကို သုံးတတ်တယ်။ တခြားစာလုံး တွေဆိုရင်တော့ ‘ ရဲ့’ ကို သုံးတာပေါ့။ တက္ကသိုလ်မြန်မာ အဘိဓာန်ထဲမှာ အဲဒီအသုံးတွေကို ပြထားတယ်။ ကြိယာထောက်လို့ခေါ်တဲ့ ကြိယာကို အထောက်အကူ ပြုတဲ့စကားတွေထဲမှာ ‘ကဲ့’ ရော၊ ‘ရဲ့’ ရောပါတယ်။ ‘မှာလိုက်ကဲ့စကား’ ဆိုတဲ့အသုံးနဲ့ ‘မာရဲ့လား’ဆိုတဲ့ အသုံးကို ယှဉ်ကြည့်လေ။ ရှေ့မှာ ကသတ်ပါလို့ ကဲ့ကို သုံးတာပေါ့”

“ဟုတ်ကဲ့ပါ”

“သမီးခုပဲပြောတဲ့ ‘ဟုတ်ကဲ့’ ဆိုတဲ့ စကားကိုပဲ ကြည့်လေ။ ရှေ့မှာတသတ်ရှိလို့ ဟုတ်ကဲ့လို့သုံးတာ။ ‘ဟုတ်ရဲ့ ‘ နဲ့ အဓိပ္ပာယ်အတူတူပါပဲ။ ‘မှန်’ ဆိုရင်တော့ ‘မှန်ရဲ့ ‘ လို့ သုံးတာပေါ့။ မေးရင်လည်း ‘ဟုတ်ကဲ့လား’ လို့မေးတာပဲလေ။ ဒီတော့ သမီး ‘ဟုတ်ကဲ့’ လို့ပြောတာ ဟာ ‘ဟုတ်ရဲ့ ‘ လို့ ဆိုလိုတာပါပဲ”

“ဟုတ်ကဲ့ပါ”

“အာလုပ်စကားလို့ခေါ်တဲ့ စကားမှာလည်း ‘ကဲ့’ ရော၊ ‘ရဲ့’ ပါ သုံးတယ်လေ။ ‘ပုံမှန်ကတော့၊ ဒီလိုပါ အမေရဲ့ ၊ ဟုတ်ပါတယ် မောင်မောင်ရဲ့’ ဆိုတာမျိုး ပြောတာပဲ။ ဒါပေမယ့် ရှေ့မှာ ခုနပြောတဲ့ အသတ်တွေ ပါရင် ‘ဒီလိုပါ မောင်ချစ်ကဲ့၊ ဟုတ်ပါတယ် ငဝက်ကဲ့’ လို့ ဆိုတာမျိုးပြောမှာပေါ့”

 “ဟုတ်ကဲ့ပါ”

“ပိုင်ဆိုင်ကြောင်းပြတဲ့စကားမှာလည်း ‘ကဲ့’ ရော၊ ‘ရဲ့’ ရော သုံးတယ်။ ရှေးက အိုင်ချင်းကဗျာကလေး တစ်ပုဒ်မှာ အပြိုင်သုံးထားတာတောင် ရှိတယ်။ ‘ကြွက်ကဲ့ အရောင်၊ ကြောင်ရဲ့အလား’...တဲ့။ ဆရာ အရင်ကလည်း ပြောဖူးပါတယ်။ ကသတ်ပါတဲ့ ‘ြွကက်’ ကျတော့ ‘ကဲ့’ လို့ သုံးတာလေ။ ‘ချစ်ချစ်ကဲ့၊ လတ်လတ် ကဲ့’ လို့ သုံးတာမျိုးပေါ့။ ကြောင်ကျတော့ အဲဒီအသတ် တွေမပါလို့ ‘ရဲ့’ လို့ပဲ သုံးတာပေါ့”

“ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ ဆရာ”

“နောက်တစ်တွဲရှိသေးတယ်။ ‘ကယ်’ နဲ့ ‘ရယ်’ ပေါ့။ သမီးတို့စကားပြောရင် ‘သူငယ်ချင်းရယ်၊ ဟုတ်မှ ဟုတ်ရဲ့လား’ လို့ ပြောတာမျိုးမှာ ခေါ်တဲ့ အာလုပ်စကား လေ။ ‘အို အမေရယ်’ တို့၊ ‘လာခဲ့ပါ မောင်လေးရယ်’ တို့မှာ ‘ရယ်’ လို့ သုံးပေမယ့် ‘က်၊ စ်၊ တ်၊ ပ်’အသတ်တွေ ရှေ့ကပါရင်တော့ ‘ကယ်’ လို့ သုံးတတ်ကြတယ်။ ရှေးက ကဗျာတစ်ပုဒ်မှာ ‘အို...အသက်ကယ်’ လို့ အစချီထား တာ တွေ့ရတယ်။ အဲဒီလိုပဲ ‘နီတွတ်ကယ် မင်းလာမှ လာပါ့မလားလို့’ ဆိုတာမျိုး၊ ‘ဟုတ်ပါ့မလား မရွှေသစ်ကယ်’ လို့ ပြောတာမျိုးပေါ့”

“ဟုတ်ကဲ့ပါ”

“စကားပြေပြစ်အောင် ပုဒ်ဖြည့်တဲ့ စကားလည်း ရှိတယ်။ ရှေးကဗျာတစ်ပုဒ်မှာ ‘ဗျာဒိတ်ကယ်အောင် သံပေးလို့ ငြိမ်းလိမ့်မလေး’ လို့ ဖွဲ့ထားတယ်။ ဗျာဒိတ်က တသတ်ဆိုတော့ နောက်က ‘ကယ်’ လို့ လိုက်ရတာပေါ့။ ‘စိမ်းလဲ့ရယ်တဲ့ ညိုမှောင်’ ကျတော့ ရှေ့မှာ အဲဒီအသတ် တွေမပါလို့ ‘ရယ်’ ပဲ သုံးတာပေါ့”

“သြော် ဟုတ်ကဲ့ပါ ဆရာကြီး”

“ကဲ... ဒီတော့ သမီးစပြောတဲ့ ထွေးမြတ်မြတ်ကေ လို့ခေါ်တဲ့ အာလုပ်စကားက စပြီးပြန်ချုပ်ရင် ‘ထွေးမြတ် မြတ်’ ကျတော့ ‘ထွေးမြတ်မြတ်ကေ’ လို့ခေါ်ပေမယ့် ‘မြတ်မြတ်ထွေး’ ကျတော့ ‘မြတ်မြတ်ထွေးရေ’ လို့ ခေါ်မှာပေါ့။ အဲဒီလိုပဲ ‘ဟုတ်ကဲ့’ လို့ ပြောပေမယ့် ‘မှန်ပါ ရဲ့’ လို့ ပြောမှာပေါ့။ ‘ချစ်ချစ်ကဲ့ စာအုပ်’ လို့ ပြောပေမယ့် ‘လှလှရဲ့ အင်္ကျီ’ လို့ ပြောမှာပေါ့။ ‘ထက်ထက်ကယ်’ လို့ ခေါ်ပေမယ့် ‘ထူးထူးရယ်’ လို့ ခေါ်မှာပေါ့”

“ဟုတ်ကဲ့ပါ”

“တစ်ခုတော့ရှိတယ်။ အဲဒီ က်၊ စ်၊ တ်၊ ပ် ပါတဲ့ နာမည်တွေ သက်ရှိ၊ သက်မဲ့တွေရဲ့ နောက်မှာ ‘ကေ၊ ကဲ့၊ ကယ်’ တွေ သုံးလေ့ရှိပေမယ့် ‘ရေ၊ ရဲ့၊ ရယ်’ လည်း သုံးကြပါတယ်”

“ရှင်...”

“သြော် သမီးကို ‘ထွေးမြတ်မြတ်ကေ’ လို့ခေါ် နိုင် သလို ‘ထွေးမြတ်မြတ်ရေ’ လို့လည်း ခေါ် ကြတာပဲ မဟုတ်လား။ အဲဒီလိုပဲ ‘မချစ်ရဲ့ စာအုပ်၊ သက်သက်ရယ်’ ဆိုပြီး ‘ရဲ့’ တို့၊ ‘ရယ်’ တို့နဲ့ ပြောရင်လည်း မှန်တာပဲလေ”

“ဟုတ်ကဲ့ပါ”

“ဒါပေမယ့် က်၊ စ်၊ တ်၊ ပ် မဟုတ်ရင်တော့ ကဲ့တို့ ကယ်တို့၊ ကေတို့နဲ့ တွဲမပြောပါဘူး။ ‘မောင်မောင်ကေ’၊ ‘မှန်ကဲ့’၊ ‘ဆရာကယ်’ ဆိုတာမျိုးတော့ ဘယ်ပြော မှာလဲ”

“ဒီလိုဆိုရင် ‘ရေ၊ ရဲ့၊ ရယ်’ ဆိုတဲ့ စကားလုံးတွေ ကတော့ က်၊ စ်၊ တ်၊ ပ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်စကားလုံးနဲ့မဆို တွဲနိုင်တယ်လို့ဆိုရမှာပေါ့နော် ဆရာကြီး”

“ဟုတ်ပါတယ်။ ‘ကေ၊ ကဲ့၊ ကယ်’ နဲ့ တွဲသုံးရတဲ့ စကားလုံးတွေကတော့ က်၊ စ်၊ တ်၊ ပ် ဖြစ်ဖို့လိုတာပေါ့။ အဲဒီအသတ်တွေပါတဲ့ စကားလုံးနဲ့ တွဲသုံးရာမှာ ‘လိုက် ကမယ်၊ လုပ်ကမယ်’ လို့ ပြောတာမျိုးလည်း ကြားဖူး တယ်။ ပုံမှန်ကတော့ ‘လိုက်ရမယ်၊ လုပ်ရမယ်’ လို့ သုံးတာပေါ့။ ‘လိုက်’ တို့ ၊’လုပ်’ တို့က အဲဒီအသတ်တွေမို့ ‘လိုက်ကမယ်၊ လုပ်ကမယ်’ ကို ပြောတာဖြစ်မယ်။ နေရာ ဒေသကိုလိုက်ပြီးသုံးတဲ့ ဒေသိယအသုံးလို့ ထင်ပါတယ်။ ရှေ့ကအတွဲတွေနဲ့ သဘောချင်းတူတာမို့ လက်မခံနိုင် စရာမရှိပါဘူး”

“ဟုတ်ကဲ့ပါ”

“ဒါပေမယ့် ရှေ့မှာ အဲဒီအသတ်တွေမပါဘဲ ‘သွား ရမယ်’ ကို ‘သွားကမယ်’၊ ‘ပြောရမယ်’ ကို ‘ပြောက မယ်’ လို့ သုံးတာကျတော့ အစဉ်အလာနဲ့ မညီဘူးပေါ့။ ‘လုပ်ကမယ်’ ဆိုတဲ့အသုံးရဲ့ သြဇာကြောင့် ‘သွားက မယ်၊ လာကမယ်’ ဖြစ်သွားတာပါ။ အဲဒီလိုမဖြစ်အောင်တော့ သတိထားပြောသင့်တာပေါ့ကွယ်။ ကဲ... နားကြရ အောင်”

မြန်မာ့အလင်း