ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ ဘရိုက်တန်နှင့် ဘုန်းမောက်အသင်း ပွဲစဉ်ကို ဇန်နဝါရီ ၂၀ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ ရမှတ်လိုအပ်ချက်ရှိသည့် အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်သည့်အတွက် နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။
ဘရိုက်တန်အသင်းသည် ဘုန်းမောက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှုအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ပွဲချိန် ၃၂ မိနစ်တွင် ဘုန်းမောက်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး မားကပ်စ် တာဗာနီယာက အမှားအယွင်းမရှိ အဆုံးသတ်သွင်းယူနိုင်ခဲ့သည်။
ဘုန်းမောက်အသင်းသည် အဆိုပါသွင်းဂိုးဖြင့် ဘရိုက်တန်အသင်းကို နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ပွဲချိန်ပြည့်ခါနီးတွင် လူစားဝင်ကွင်းလယ်ကစားသမား ကော့စတူးလပ်စ်၏ ချေပဂိုးပြန်လည် ခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။ ဘရိုက်တန်ကစားသမား မိတိုမာသည် ယိုရှီဒါ၊ အိုကာဇာကီတို့ပြီးနောက် ပရီမီယာလိဂ်ပွဲ ၁၀၀ ပြည့်မြောက်သည့် တတိယမြောက် ဂျပန်နိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် ဘရိုက်တန်အသင်းက ရမှတ် ၃၀ ဖြင့် အဆင့် (၁၂) တွင် ရပ်တည်နေပြီး ဘုန်းမောက်အသင်းက ရမှတ် ၂၇ မှတ်ဖြင့် အဆင့် (၁၅) တွင် ရပ်တည်နေသည်။ လာမည့်ပွဲစဉ်တွင် ဘရိုက်တန်က ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘုန်းမောက်အသင်းက အသင်းကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်


