ကျောက်ဆည်၊ မူဆယ်နှင့် အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ ဧပြီ

           

မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာ၊ အမှတ်(၇)ရပ်ကွက်နေ အောင်ဇော်ထွေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၉၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာနေ တင်မင်း(ခ)ဝင်းမင်း နေအိမ်ဂိုဒေါင်ကိုရှာဖွေရာ ဟိုက်ဒရိုကလိုရစ်အက်စစ် ၃၂၀၀ လီတာနှင့် အီသိုင်းအီသာ ၇၂၀၀ လီတာတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မူဆယ်မြို့နယ်၊ ဖိုင်ကျောင်း ကျေးရွာလမ်းမပေါ်တွင် အောင်ဆန်း(ခ) ရမ်ဆန်း မောင်းနှင်ပြီး ကျော်ကျော်(ခ)အလီ လိုက်ပါလာသည့် CANTER အမျိုးအစား (၁၀)ဘီးယာဉ်ပေါ်မှ သံမွှေအိုးတစ်လုံးနှင့် အောင်ကိုကိုဦး(ခ)ရှက်ဖီး မောင်းနှင်သည့် FUSO အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ သံမွှေအိုး နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ည ၁၀ နာရီခွဲတွင် နဘားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နဘားလမ်းခွဲတွင် ဇော်မင်းဦး(ခ)ဇော်မင်း မောင်းနှင်လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကိုရပ် တန့်ရှာဖွေရာ ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်ထားသည့်  ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ နှင့် ငွေကျပ် ၂၀၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN