ကျောက်ဆည် - ဖျောက်ဆိပ်ပင် - ရဲရွာ လမ်းတွင် ပျက်စီးနေသည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်ပြီးစီး

ကျောက်ဆည် ဖေဖော်ဝါရီ ၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ကျောက်ဆည် - ဖျောက်ဆိပ်ပင် - ရဲရွာ လမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။  

 

ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ ၁၉ ဒသမ ၅၀ ကျပ်သန်းဖြင့် ၁၁ ဒသမ ၅ ကီလိုမီတာနှင့် ၁၂ ဒသမ ၇ ကီလိုမီတာအတွင်းရှိ ပျက်စီးနေသည့် (၁၇၆၂)စတုရန်း ကီလိုမီတာအား တူးထုတ်၍ ၅၀ ကီလိုမီတာနှင့် ၁၀၀ ကီလိုမီတာ အရွယ်ကျောက်များဖြင့် အောက်ခံအလွှာ ထု ၁၂၅ မီလီမီတာခင်းခြင်း၊ ၇၅ မီလီမီတာအောက်ရှိ ကျောက်များဖြင့် ဒုတိယအလွှာထု ၁၀၀ မီလီမီတာ၊ ၂၅ မီလီမီတာနှင့် ၅၀ မီလီမီတာ ကျောက်များဖြင့် တတိယအလွှာထု ၇၅ မီလီမီတာခင်းခြင်း၊ ၃၇ ဒသမ ၅ မီလီမီတာထုအဝင် ကတ္တရာလောင်းခြင်း၊ ကတ္တရာရေပိတ်အလွှာခင်းခြင်း လုပ်ငန်းများ  ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့် ကုန်ကျမှုစရိတ် သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)