ကျောက်ဆည်ခရိုင်တွင် သုံးလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် လူ ၂၁ ဦးသေဆုံး

ကျောက်ဆည် ၂၃ ဧပြီ   

 

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သုံးလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင်(အမှတ် ၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

 

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၃ လတာကာလ အတွင်း ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး လေးမြို့နယ်တွင် ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ကျား ၁၇ ဦးနှင့် မ ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း  ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်ရဲတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်က ပြောသည်။

 

ကျောက်ဆည်ခရိုင်တွင် ယခုနှစ် ဇန်နဝါလတွင် ယာဉ်မတော်တဆမှု  ၂၆ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျား ၂၃ ဦးနှင့် မ ၁၀ ဦး စုစုပေါင်း ၃၃ ဦး ရှိပြီး သေဆုံးသူ ကျား ၁၀ ဦးနှင့် မ ၃ ဦး စုစုပေါင်းသေဆုံးသူ ၁၃ ဦးရှိရာ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ကျား ၃၆ ဦးနှင့် မ ၃ ဦးကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု  ၂၀ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျား  ၁၇ ဦးနှင့် မ ၂ ဦး စုစုပေါင်း ၁၉ ဦး ရှိပြီး သေဆုံးသူ ကျား ၆  ဦးနှင့် မ ၁ ဦး စုစုပေါင်းသေဆုံးသူ ၇ ဦးရှိရာ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ကျား ၂၄ ဦးနှင့် မ ၃ ဦးကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

မတ်လတွင် ယာဉ်မတော်တဆမှု ၁၃ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျား ၁၆ ဦးနှင့် မ ၃ ဦး စုစုပေါင်း ၁၉ ဦး ရှိပြီး သေဆုံးသူ ကျား တစ်ဦးရှိရာ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ကျား  ၁၆ ဦးကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်ရဲတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်က ပြောသည်။

 

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိ သေဆုံးသူအများစုသည် ဆိုင်ကယ်မောင်းနှင်အသုံးပြုသူများ အများဆုံးဖြစ်ကြောင်းသိရပြီး ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်အသုံးပြုသူများ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းကြရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြစေရန်နှင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာနေ ပြည်သူများ သိရှိစေရန် အတွက်ကိုပါ အပတ်စဉ်ကွင်းဆင်း၍ ပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာနိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များကို အမြဲမပြတ် ဖြန့်ဝေပေးနေကြောင်း သိရသည်။   

 


 ကိုမင်း(အင်းတော်)