ကျောက်ဆည်လွင်ပြင်မှ ရှေးဟောင်းမြို့ပြများ

မောင်သာ(ရှေးဟောင်းသုတေသန)

အနော်ရထာမင်းလက်ထက်ကပင် မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် ထင်ရှားခဲ့သည့် ကျောက်ဆည်မြို့ကို ရှေးအခါက မြစ်သာ(သာယာသောမြစ်ရှိသောနေရာ)ဟု ခေါ်ဆိုခဲ့သည်။ ပုဂံဘုရင် အနော်ရထာသည် ငပြောင်ဆည်ကို တည်ဆောက်ပြီး ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ခဲ့မှုကို အကြောင်းပြုလျက် ကျောက်ဆည်ဟု အမည်တွင်ခဲ့သည်။ ထို့အတူ ကျောက်၊ သရော်နှင့် မ္လောင်အမည်ရှိ ရွာသုံးရွာကို ပေါင်းစည်းလျက် ကျောက်ရွာကို တည်ခဲ့ခြင်းကို အစွဲပြုလျက် ကျောက်ဆည်ဟု အမည်တွင်ခဲ့ကြောင်း ယူဆမှုများလည်း ရှိခဲ့သည်။

ဧရိယာ ၇၂၅ ဒသမ ၂၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ကျောက်ဆည်မြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိ၍ အရှေ့ဘက်တွင် ရွာငံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မြစ်သားမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်တို့နှင့် ထိဆက်နေသည်။ ကျောက်ဆည်မြို့သို့ ရောက်ရှိလျှင် ထင်ရှားသော မြို့ဟောင်းသုံးမြို့ဖြစ်သည့် ပင်လယ်၊ မက္ခရာနှင့် မြင်စိုင်း တို့သို့ သွားရောက်လေ့လာနိုင်ကြသည်။

ပင်လယ်(သို့မဟုတ်) မိုင်းမော

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ်၊ ဝတီးနှင့် တကောင်း အစရှိသည့် ထင်ရှားသော ပျူမြို့ပြများအနက် ပင်လယ်သည် ယခု ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်း တည်ရှိကာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ကူမဲမြို့မှ အရှေ့တောင်ဘက်သို့ ငါးမိုင် ကွာဝေးသည်။

၁၉၆၅ ခုနှစ်ဝန်းကျင်က ကျောက်ဆည်လွင်ပြင်တစ်ဝိုက်ကို ကောင်းကင်မြေပုံဖြင့် လေ့လာရာမှ တွေ့ရှိခဲ့သည့် ပင်လယ်မြို့ဟောင်းကို မြို့ဟောင်းအရာအတွင်းရှိနေသော ကုန်းဘောင်ခေတ်က ထူထောင်ခဲ့သည့် မိုင်းမောရွာ၏ အမည်ကို ယူ၍ မိုင်းမောမြို့ဟောင်းဟု အမည်ပေးခဲ့သည်။

ပင်လယ်မြို့ဟောင်း၏ အပြင်ဆုံးနှင့် အတွင်းဆုံး မြို့ရိုးတို့သည် အဝိုင်းပုံရှိ၍ ယင်းတို့ကြားရှိ အလယ်မြို့ရိုးသည် စတုဂံပုံ ဖြစ်သည်။ အပြင်မြို့ရိုး၏ အချင်းသည် အရှေ့မှ အနောက်သို့ ၁ ဒသမ ၈ မိုင်နှင့် တောင်မှ မြောက်သို့ ၁ ဒသမ ၆ မိုင်ရှိ၍ မြို့ရိုးပတ်လည်သည် ၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး ဧရိယာ ၂၂၂ ဧက ကျယ်ဝန်းသည်။

ပင်လယ်သည် ခရစ်နှစ် ၂ ရာစုကပင် တည်ရှိခဲ့သည်ဟု ယူဆရပြီး သရေခေတ္တရာ၏ ပျူတပ်မြို့ ကိုးမြို့ဖြစ်သည့် သီပေါ၊ ကမ်းသီတာ၊ မြင်းခြံ၊ မြွယေင်း၊ ဟလင်၊ သဲပုန်း၊ တောင်တွင်းကြီး၊ ထီးချိုင့်နှင့် ထုမင်တို့အနက် ထုမင်သည် မိုင်းမောဖြစ်ကြောင်း တရုတ် ထန်မင်းဆက်သမိုင်းသစ်တွင် ဦးရည်စိန်က ရေးသားခဲ့သည်။ ထုမင်သည် တရုတ်-ပျူ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းပေါ်၌ တည်ရှိခဲ့ပြီး ကျောက်ဆည်လွင်ပြင်ရှိ မြို့ဟောင်းများအနက် အကြီးဆုံး ဖြစ်သည်။

ပင်လယ်မြို့ဟောင်းဝန်းကျင်မှ ဒင်္ဂါးပြားများ၊ ချင်းပုတီးစေ့ ခေါ် အဖြူအနက်ကြား ပုတီးများ၊ ဆင်ရုပ်၊ နွားရုပ်၊ ပုတီးများ၊ အမှတ်အသားပါ အုတ်ချပ်များကို တွေ့ရှိခဲ့သဖြင့် ယင်းနေရာ တစ်ဝိုက်တွင် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ထက် နောက်မကျသော ခေတ်ပြိုင် ပျူယဉ်ကျေးမှုတစ်ရပ် ထွန်းကား ခဲ့ကြောင်း သိရှိကြရသည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း နှင့် ပင်လယ်တို့တွင် တွေ့ရှိခဲ့သည့် ဒင်္ဂါးများ၊ ပုတီးစေ့များ၊ အုတ်ချပ်များ၊ ရုပ်ပွားဆင်းတုတော်များ၏ လက်ရာများသည် တူညီနေကြသည်။

မြေမီးဖုတ် ရုပ်ကြွများ

ပင်လယ်မြို့ဟောင်း ကုန်းအမှတ်(၂၀)တွင် တွေ့ခဲ့ရသည့် မြေမီးဖုတ်ရုပ်ကြွများသည် အရွယ်အစားနှင့် ရုပ်ပုံများ မတူညီကြဘဲ ပထမအမျိုးအစားတွင် ခြင်္သေ့နှင့်တူသည့် သတ္တဝါကို ဝဲဘက်တွင် သန်လျက်ကိုင်ထားသူက စီးထားကာ ထိုသူ၏ ရင်စည်းနှစ်စက အနောက်ဘက်တွင် လွင့်နေသည်။ ရုပ်ကြွ အုတ်ခွက်သည် ၁၃ လက်မပတ်လည် စတုရန်းပုံဖြစ်ပြီး အထူ သုံးလက်မခွဲရှိကာ အကောင်း ၁၈ ချပ်နှင့် အကျိုး ၁၉ ချပ် ရရှိ ခဲ့သည်။

အလျားနှင့် အနံ ၁၂ လက်မပတ်လည်နှင့် အထူ လေး လက်မရှိသည့် ဒုတိယအမျိုးအစား ရုပ်ကြွများမှာ ပတတ်ရပ် နေသည့် ခြင်္သေ့နှင့်တူသော သတ္တဝါ၏ ဦးခေါင်းနှင့် ရင်အုပ်ကို အသေးစိတ် ခြယ်မှုန်းထားပြီး လည်ဆံမွေးများကို ကနုတ်ကြောင်း ပုံဖော်ထားသည်။ အကောင်း ကိုးခုနှင့် အကျိုးအပဲ့ ၂၀ ရရှိခဲ့သည်။

တတိယအမျိုးအစား ရုပ်ကြွများကိုမူ အကောင်းအတိုင်း မရရှိခဲ့ဘဲ အပိုင်းအစ ၁၃ ခုသာ ရရှိခဲ့သည်။ ရုပ်ကြွခွက်၏ အရွယ်သည် အကောင်းအတိုင်းဆိုပါက အလျား ၁၆ လက်မ၊ အနံ ၁၄ လက်မနှင့် အထူ သုံးလက်မ ရှိမည်ဖြစ်သည်။ ရုပ်ကြွ သည် ကျားနှင့်တူသည့် သတ္တဝါကို ခွစီးနေသည့် လူရုပ်ဖြစ်ပြီး ထိုသူ၏ဦးခေါင်းတွင် ခေါင်းပေါင်းပါရှိသည်။

စတုတ္ထအမျိုးအစား မြေမီးဖုတ်ရုပ်ကြွသည် အလျား၊ အနံ ခုနစ်လက်မခွဲခန့်နှင့် အထူ နှစ်လက်မရှိသည့် ရုပ်ကြွငယ်များဖြစ်ပြီး နောက်သို့လှည့်ကြည့်နေသည့် ခြင်္သေ့နှင့်တူသော ခြေလေးချောင်းသတ္တဝါ၏ ခြေ၊ လက် လေးချောင်းအောက်တွင် ကနုတ်များ ပုံဖော်၍ လည်ပင်းတွင် ဗိန္ဒုပြောက်များ စီခြယ်ထားကာ အကောင်း နှစ်ခုနှင့် အကျိုးအပဲ့ နှစ်ခု ရရှိခဲ့သည်။

မက္ခရာ

ကျောက်ဆည်နယ်အတွင်းရှိ မြို့ဟောင်းတစ်ခုဖြစ်သည့် မက္ခရာသည် ရန်ကုန်မြို့မှ ၄၁၃ မိုင်နှင့် မန္တတလေးမြို့မှ ၂၁ မိုင် ကွာဝေးသည့် စဉ့်ကိုင်မြို့နယ်၌ တည်ရှိသည်။ အရှေ့အနောက် ၁၅ မိုင်၊ တောင်မြောက် ၁၃ မိုင် ကျယ်ဝန်းသည့် စဉ့်ကိုင်မြို့နယ်၌ ကျောက်ခေတ်နှင့် ပျူခေတ် အသုံးအဆောင်များကို တွေ့ရှိခဲ့ရသကဲ့သို့ ကင်းတပ်မြို့များ တည်ရှိခဲ့သည်။

ကျောက်ဆည်လွင်ပြင်ရှိ မြစ်ငယ်မြစ်နှင့် ဇော်ဂျီမြစ်တို့ ပေါင်းဆုံသည့်နေရာ၌ တည်ခဲ့သည့် မက္ခရာကို ခေတ်ဟောင်း ရာဇဝင်ကျမ်းများတွင် ဂေါတမဘုရားရှင် ဗျာဒိတ်ပေးခဲ့သည့် မြို့ဟု ဆိုသည်။ မှန်နန်းရာဇဝင်တွင် မက္ခရာသည် ကကုသန် ဘုရားရှင်၏ လက်ထက်တွင် မဂဓရဇ်၊ ကောဏဂုံဘုရားရှင်၏ လက်ထက်တွင် မဟာဂရစ်၊ ကဿပဘုရားရှင် လက်ထက်တွင် မက္ခဓရဇ်နှင့် ဂေါတမဘုရားရှင် လက်ထက်တွင် မက္ခရာဟု အမည်တွင်ခဲ့ကြောင်း ဖော်ပြထားသည်။

တွင်းသင်း မြန်မာရာဇဝင်သစ်အရ ခရစ်နှစ် ၁၂၉၈ တွင် ရှမ်းညီနောင်သုံးဦးက ပုဂံဘုရင် ကျော်စွာ (ခရစ်နှစ် ၁၂၈၇-၁၂၉၈)ကို ဖမ်းဆီးခဲ့ပြီးနောက် နောင်တော်ရာဇသင်္ကနြ်က မြင်စိုင်း၊ ညီတော် အသင်္ခရာက မက္ခရာနှင့် ညီတော် သီဟသူ က ပင်လယ်တွင် မင်းပြုခဲ့ကြသည်။ မက္ခရာကို တည်ခဲ့သော နှစ်ကို သက္ကရာဇ် ၆၆၆ ခုနှစ် (သောသောသာ မက္ခရာ)ဟု အဆိုရှိခဲ့၍ ခရစ်နှစ်ဖြင့် ဖလှယ်ပါက ပုဂံဘုရင် စောနစ်မင်း (ခရစ်နှစ် ၁၂၉၈-၁၃၂၅) လက်ထက် ၁၃၀၄ ခုနှစ် ဖြစ်ပေသည်။

ပုဂံခေတ်က မက္ခရာ

ပုဂံဘုရင် အနော်ရထာသည် သိန်းပြု၊ သောင်းပြု၊ ထောင်ပြု၊ ရာပြု၊ ဆယ်ပြု မြို့များနှင့် ကင်းတပ်မြို့ ၄၃ မြို့ကို ထူထောင်ခဲ့ရာ မက္ခရာသည် စဉ့်ကိုင်မြို့နယ်အတွင်း တအုံ၊ မြစ်သာတို့နှင့်အတူ ကင်းတပ်မြို့တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ကင်းတပ်မြို့သည် ဘုရင့်နေပြည်တော်မှအဝေးရှိ မြို့၊ ကျေးလက်များတွင် ဝင်ထွက်သွားလာမှုကို စစ်ဆေး၍ အကောက်ခွန် စည်းကြပ် ကောက်ခံသည့်နေရာဖြစ်သည်။

အနော်ရထာလက်ထက်တွင် မက္ခရာသည် ကျောက်ဆည် လွင်ပြင်သို့ ရန်သူများဝင်ရောက်နိုင်သည့် ဝင်ပေါက်ဖြစ်သော မြစ်ငယ်တောင်ကြားပေါက်ကို ပိတ်ဆို့သည့် ကင်းမြို့ ဖြစ်ခဲ့ သည်။ အနော်ရထာသည် မက္ခရာ၏ အနောက်မြောက်ဘက်၌ တအုံကင်းတပ်မြို့ကို ထပ်မံ တည်ဆောက်ခဲ့သည်။

မက္ခရာမြို့ဟောင်း၏ အပြင်မြို့ရိုးသည် အရှေ့မှ အနောက်သို့ နှစ်ဖာလုံ(၁၃၂၀ ပေ)၊ မြောက်မှ တောင်သို့ နှစ်ဖာလုံခွဲ (၁၆၅၀ ပေ)ရှိကာ တောင်ဘက်မြို့ရိုးသည် အရှေ့ဘက်သို့ ပေ ၂၀ဝ ကျော် ချိုးကွေ့နေပြီး မြို့ရိုးပတ်လည်သည် ပေ ၄၉၅၀ ရှိသည်။ မက္ခရာမြို့ကို တည်ခဲ့စဉ်က ၅၆ ပေကျယ်သည့်ကျုံးကို တူးဖော်ခဲ့ပြီး အရှေ့မြို့ရိုးတွင် မင်္ဂလာတံခါးပေါက် ရှိခဲ့သည် ဟု ဆိုသည်။ မက္ခရာမြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှုဇုန် အဖြစ် ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလက သတ်မှတ်ခဲ့သည်။

မက္ခရာဒေသတွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အထောက်အထားအဖြစ် မြို့ဟောင်းအတွင်းမှ ကျောက်ကြမ်းနှင့် ကျောက်ချော လက်နက်များ ရရှိခဲ့သည်။ မြို့ဟောင်း အနောက်မြောက်ဘက် ရာဇကြီးဝင်းအတွင်းရှိ စေတီများနှင့် ရှင်ပင်ဆိပ်ဦးစေတီ တစ်ဝိုက်တွင်လည်း ကျောက်လက်နက်များ တွေ့ရှိခဲ့သည်။ မက္ခရာမြို့ဟောင်းသို့အဝင် ဧည့်ပြရွာမြောက်ဘက် တစ်ဖာလုံတွင် ယခင်က ကျောက်ခေတ်သစ်လက်ရာ ကျောက်လက်နက်ဖဲ့စများ အများအပြားရှိခဲ့သည်။

သုတေသီ စာရေးဆရာ တိုက်ကြည်(စဉ့်ကိုင်)၏ သုတေသနပြုချက်များအရ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရှေးဟောင်း ကျောက်စာ ၂၂ ချပ်အနက် စည်းခုံကျောင်းကျောက်စာနှင့် ပန်းရန်ဆရာ အလှူမှတ်တမ်းကျောက်စာတို့သည် မက္ခရာမြို့ဟောင်း အတွင်း၌ တည်ရှိနေကြသည်။

မက္ခရာမြို့ဟောင်းမှ ရရှိခဲ့သည့် ကျောက်ခေတ်၊ ပျူခေတ် လက်ရာ အသုံးအဆောင်များက မက္ခရာသည် ကျောက်ခေတ် မှစ၍ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ကုန်းဘောင် ခေတ်များအထိ ထွန်းကားခဲ့သည့် ရှေးဟောင်း မြို့ပြတစ်ခု ဖြစ်ကြောင်း သက်သေထူလျက်ရှိသည်။

ရာဇဝင်ထဲက မြင်စိုင်း

ငါးစီးရှင်ကျော်စွာ ရေးခဲ့သည့် 'တာဝတိံသာ နတ်ရွာလော နတ်ရွာလော' အစချီ မြင်စိုင်းရွှေပြည် ကာချင်းအရ တစ်ချိန်က ရွှေပြည်အလား ထွန်းကားစည်ပင်ခဲ့သည့် မြင်စိုင်းတွင် မြို့ရိုးဟောင်း၊ သင်းတွဲမြောင်းနှင့် နံရံဆေးပန်းချီများရှိသည့် လိုဏ်ဂူ အချို့ကို လေ့လာနိုင်ကြသည်။

မြင်စိုင်းသည် ကျောက်ဆည်မြို့မှ တောင်ဘက် လေးမိုင် အကွာတွင် တည်ရှိကာ မြန်မာရာဇဝင်ကျမ်းများ အလိုအရ မြင်စိုင်းကို ဘိန္နကမင်း၏သားတော် သိင်္ဂဗိုက တည်ထောင်ခဲ့ သည်ဟု ဆိုသည်။

ရာဇဝင်ဋီကာ အလိုအရ တကောင်းပြည်ပျက်ပြီးနောက် ဘိန္နကမင်းကြီးသည် စုရုံးမိသမျှသော ဗိုလ်ခြေများနှင့်အတူ မန်လည်ချောင်းတွင် နေခဲ့သည်။ ဘိန္နကမင်း ကွယ်လွန်လျှင် အစုသုံးစုကွဲ၍ တစ်စုက သုနာပရန္တတိုင်းသို့ဝင်ကာ တစ်စုက ယင်းအရပ်၌ပင် ဆက်နေကြပြီး ကျန်တစ်စုက ရှမ်း ၁၉ ခရိုင်ကို တည်ထောင်၍ သားကြီးက မင်းဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သားငယ် သိင်္ဂဗိုသည် အစ်ကိုဖြစ်သူ သတ်ဖြတ်မည်ကို ကြောက်သဖြင့် ဘိန္နကမှ ထွက်ခဲ့ကာ မြင်စိုင်းတွင် သူကြွယ် သမီးနှင့်အိမ်ထောင်ကျ၍ သားသုံးယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သိင်္ဂဗိုသည် သားများကို ပုဂံဘုရင် နရပတိ စည်သူထံ ဆက်ခဲ့ရာ မင်းကြီးက အသင်္ခယာ၊ ရာဇသင်္ကနြ်နှင့် သီဟသူ အမည်များဖြင့် အပါးတော်တွင် ခစားစေ၍ သိင်္ဂဗိုအား မြင်စိုင်းရွာကို အုပ်ချုပ်စေခဲ့သည်။

နရပတိစည်သူ လွန်ခဲ့ပြီး သားတော် ကျော်စွာ လက်ထက်တွင် အသင်္ခယာအား မြင်စိုင်း၊ ရာဇသင်္ကနြ်အား မက္ခရာနှင့် သီဟသူအား ပင်လယ်မြို့များကို ပေးခဲ့သည်။ ဦးကုလား မဟာရာဇဝင် အလိုအရ ဘုရင်ကျော်စွာကို စိတ်မျက်ခဲ့သည့် မိဖုရား ဖွားစောသည် ရှမ်းညီနောင်သုံးဦးနှင့် ပေါင်းကာ မြင်စိုင်းတွင် ဂူကျောင်း ဘုရားများ ဆောက်လုပ်ခဲ့သည်။ ထို့နောက် ဘုရင် ကျော်စွာကို ဥပါယ်တံမျဉ်ဖြင့် လယ်တွင်း ၁၁ ရွာသို့ လာရောက်စေပြီး ယင်းကျောင်းများကို သာလျောင်းတောင်ထိပ်မှ ပြသခဲ့သည်ဟု ဆိုသည်။ ထို့နောက် ညီနောင်သုံးပါးသည် ပုဂံဘုရင် ကျော်စွာကို မြင်စိုင်းသို့ လှည့်ဖြားခေါ်လာကာ နန်းချခဲ့ကြ သည်။

ပုဂံဘုရင် ကျော်စွာသည် မြင်စိုင်းတွင် နေခဲ့ရစဉ် ပုဂံသို့ မျှော်ခဲ့သည့်နေရာဟု ယူဆရသည့် တောင်စောင်းတစ်ခုတွင် ပုဂံမျှော်ရုပ်ပွားတော်ကို တည်ထားခဲ့ရာ ယခုအခါ အရာမျှသာ ကြွင်းကျန်ပြီး ရုပ်ပွားတော်၏ ဦးခေါင်းကို တောင်စောင်းတွင် မြင်တွေ့ကြရသည်။

ပုဂံဘုရင် မင်းစောနစ်နှင့် မိဖုရားဖွားစောတို့သည် မြင်စိုင်း၌ ပုဂံဘုရင်ကျော်စွာ ရှိနေစဉ် တရုတ်ဧကရာဇ် ဥတည်ဘွားကို မြင်စိုင်းသို့ တပ်များစေလွှတ်ပေးရန် အကူအညီတောင်းခဲ့သည်။ ထို့ကြောင့် တရုတ်စစ်သူကြီးလေးယောက်ဖြစ်သည့် သံစိန် တိန်စင်၊ ယော်ဓာ တိန်စင်၊ မော်ရာ တိန်စင်နှင့် မော်ရဓိ တိန်စင်တို့ဦးစီးသည့် တပ်များသည် ခရစ်နှစ် ၁၃၀၁ ဇန်နဝါရီ ၂၅ ရက်တွင် မြင်စိုင်းသို့ ရောက်ရှိခဲ့သည်။ မင်းညီနောင်သုံးပါးသည် ပုဂံဘုရင် ကျော်စွာကို သတ်၍ ဦးခေါင်းကို ပြခဲ့ရာ တရုတ်တို့သည် အလျား တာ ၇၀ဝ၊ အနံ နှစ်တာ၊ စောက် နှစ်တာရှိသည့် မြောင်းတစ်ခုကို ညတွင်းချင်းတူးပြီး ထွက်ခွာခဲ့ ကြသည်။ ယင်းမြောင်းသည် သင်းတွဲမြောင်းဟု ထင်ရှားကာ မျက်မှောက်ခေတ် အတိုင်းအတာအရ အလျား ပေ ၇၃၅၀၊ အကျယ် ၂၁ ပေနှင့် အနက် ၂၁ ပေ ရှိပေသည်။

မြန်မာနိုင်ငံသမိုင်းတွင် လွန်ခဲ့သည့် နှစ် ၇၀ဝ ဝန်းကျင်က စည်ပင်ခဲ့သည့် မြင်စိုင်းမြို့ဟောင်း၊ သဘာဝကျောက်ဂူများနှင့် နံရံဆေးပန်းချီများသည် သမိုင်းမှတ်တမ်း အထောက်အထားများအဖြစ် ကျန်ရှိနေသည်။

ထောင့်မှန်စတုဂံပုံဟု ယူဆဖွယ်ရှိသည့် မြင်စိုင်းမြို့ဟောင်း၏ မြို့ရိုး အကြွင်းအကျန်အချို့ကို မြင်တွေ့ကြရသည်။ မြို့ဟောင်းအတွင်းရှိ မြင်စိုင်းနန်းဦးစေတီ၏ မြောက်ဘက်တွင်ရှိသည့် ကုလားကျောင်းရွာတွင် နန်းတော်ဟောင်းဟု ယူဆရသည့် အုတ်ရိုးဟောင်း ကျန်ရှိနေသည်။

စေတီတော်ရှေ့ ကျောက်စာရုံရှိ သက္ကရာဇ် ၆၉၁ ခုနှစ်ထိုး ကျောက်စာအရ ဥစ္စနာမင်းကြီးသည် အချင်း ၁၀၃ တောင် ရှိသည့် စေတီတော်ကို ၆၉၁ ခုနှစ် တပေါင်းလဆန်း ၃ ရက် တွင် တည်ထားခဲ့ပြီး ကျောက်စာပါရက်စွဲသည် ခရစ်နှစ် ၁၃၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် အင်္ဂါနေ့ ဖြစ်သည်။

မြင်စိုင်း ကျောက်လိုဏ်ဂူများနှင့် နံရံဆေးပန်းချီ

မြင်စိုင်းမြို့ဟောင်း၏ တောင်ဘက် ရွှေဥမင်တောင်တန်းရှိ ရွှေဥမင်ဂူနှင့် စိတ္တဂုတ်ဂူအတွင်း၌ မြင်စိုင်းခေတ်လက်ရာ နံရံဆေးပန်းချီများ ကျန်ရှိနေသော်လည်း ထိန်းသိမ်းမှု အားနည်းခဲ့သဖြင့် မှေးမှိန်ပျက်စီးနေကြသည်။ သဲကျောက်တောင်နံရံကို ထွင်းထားသည့် ရွှေဥမင်ဂူ၏ အဝင်မုခ်ပေါက် ငါးခုကို အုတ်အဂငေ်္တများဖြင့် ပြုလုပ်ထားသည်။ ဂူပေါက်များသည် အရှေ့ဘက်သို့ မျက်နှာမူနေကြကာ ယေဘုယျအားဖြင့် ညောင်ဦးမြို့ ရွှေစည်းခုံစေတီအနီးရှိ ကျန်စစ်သားဥမင်နှင့် တူညီသည်။

နံရံဆေးပန်းချီများကို ရွှေဥမင်ဂူအတွင်း အလယ်မုခ်ပေါက်၏ အမိုးခုံးပေါ်တွင် မြင်တွေ့ကြရသည်။ ဂူအတွင်း နံရံများတွင် ရှစ်လက်မဝန်းကျင် အဝိုင်းကွက် တစ်ခုစီတွင် ယောကျာ်းပုံ၊ မိန်းမပုံ၊ ဆင်၊ ခြင်္သေ့၊ ဟင်္သာ၊ ကရဝိက်၊ ဒေါင်းနှင့် ကြက်တူရွေး တို့ကို ရေးဆွဲထားသည်။ ယောကျာ်းနှင့် မိန်းမပုံများသည် လက်နှစ်ဖက်ဖြင့် ကြာဖူးကို ကိုင်ဆောင်ထားကြသည်။

အဝိုင်းကွက်များ တစ်ခုနှင့်တစ်ခုကြား၌ ပန်းနွယ်ပန်းခက်များ ရေးဆွဲထားကာ ပန်းမျက်နှာကြက်တစ်ခုသဖွယ် ဖြစ်နေသည်။ ယင်းနံရံပန်းချီများသည် ပုဂံရှိ နန္ဒမညနှင့် ဘုရားသုံးဆူ တွင်ရှိသည့် ပုဂံခေတ်နှောင်းလက်ရာများနှင့် တူညီကြောင်း ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်က ရေးသားခဲ့သည်။

ရွှေဥမင်ဂူ နံရံဆေးပန်းချီများကို ရုတ်တရက်ကြည့်လျှင် ထိုးကွင်းမင်ကြောင်များနှင့် တူနေသဖြင့် မြင်စိုင်းဝန်းကျင်မှ လူများက မင်ကြောင်ဆေးရေးဂူဟု ခေါ်ဆိုမှုများ ရှိခဲ့သည်။ ယင်းနံရံဆေးပန်းချီများ ရေးဆွဲချိန်သည် ၁၃ ရာစု နှောင်းပိုင်း ဖြစ်ကြောင်း မြန်မာမှုသုတေသနစာတွင် ဖတ်ရှုရပေသည်။

ရွှေဥမင်ဂူမှ အရှေ့ဘက် တစ်မိုင်ခန့်တွင်ရှိသည့် စိတ္တဂုတ်ဂူ နံရံတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပုံများကို မြင်တွေ့ရပြီး အရောင်အသွေး စုံလင်ခြင်းနှင့် အချိုးအစားကျနခြင်း မရှိချေ။ ဂူနံရံ မျက်နှာပြင်သည် မညီညာသဖြင့် နံရံဆေးများသည်လည်း ပေါ်လွင်ထင်ရှားခြင်းမရှိကြချေ။

စိတ္တဂုတ်ဂူ ဒုတိယဝင်ပေါက် နံရံတွင် ရေးဆွဲထားသည့် ဘုရားရှင်အား ရဟန်းတော်နှစ်ပါး ပူဇော်နေပုံသည် နှစ်ကျိပ် ရှစ်ဆူဘုရားများ ရေးဆွဲထားပုံနှင့် များစွာ ခြားနားနေသဖြင့် ပညာရှင်အချို့က နှောင်းခေတ်လက်ရာဟု ယူဆကြသည်။ ရွှေဥမင်ဂူနှင့် စိတ္တဂုတ်ဂူ နံရံပန်းချီများသည် ခေတ်ပြိုင်လက်ရာ များဟု ယူဆရပေသည်။

ယင်းပန်းချီများတွင် ဘုရားရှင်၏ မေးစေ့တော်သည် လေးထောင့်ပုံရှိခြင်း၊ မျက်လုံးတော်များကို မျက်နှာတော်အပြင် ထွက်နေစေရန် ရေးဆွဲထားခြင်း၊ ဉဏ္ဏလုံ မွေရှင်တော်ကို ထည့်သွင်း ရေးဆွဲထားခြင်းတို့သည် ထူးခြားနေသည်။ ပန်းချီများကို အဖြူ၊ အနီ၊ အနက်နှင့် အဝါရောင်တို့ကိုသာ အသုံးပြု ရေးဆွဲထားကာ စိတ္တဂုတ်ဂူပန်းချီများတွင် လူနှင့် တိရစ္ဆာန်ပုံများ ပါဝင်ခြင်း မရှိချေ။

ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်၏ လေ့လာချက်အရ မြင်စိုင်းဂူ နံရံပန်းချီများတွင် ပုဂံခေတ် မျက်နှာဟန်များဖြစ် သည့် နှာခေါင်းချွန်၍ ကောက်ခြင်း၊ မျက်ခုံးမျက်လုံး ကောင်းခြင်း၊ ပါးစပ်ကျယ်၍ မေးချွန်ခြင်းတို့ကို တွေ့နိုင်သည်။ တမာရွက် သုံးရွက်ပါရှိသည့် ထိပ်အုပ်ခေါင်းစည်း၊ နောက်ခံ ရောင်ခြည် စက်ဝိုင်း၊ ခါးစည်းကြိုးနှစ်ဖက် ချထားပုံများသည် ပုဂံခေတ် ဟန်များဖြစ်သော်လည်း နားတောင်းမပန်ဘဲ နားပေါက်ရာ သာ ပါရှိနေခြင်းသည် ပုဂံပန်းချီဟန်နှင့် မတူသည့် မြင်စိုင်း ဟန်ဟု ဆိုနိုင်ကြောင်း၊ ယောကျာ်း မိန်းမပုံများတွင် လက်ကောက်များ ပါရှိသော်လည်း လက်ကြပ်များ မပါရှိကြောင်း၊ မြင်စိုင်းဟန် ပန်းချီများသည် ပုဂံလက်ရာ အငွေ့အသက်များ မကင်းသေးသကဲ့သို့ အင်းဝခေတ်ဟန်များလည်း ဖြစ်ပေါ်စ ပြုနေကြောင်း သုံးသပ်ခဲ့သည်။

ကျောက်ဆည်လွင်ပြင်ဒေသရှိ ရှေးဟောင်းမြို့ပြများသည် ကျောက်ဆည်ဒေသ၏ အတိတ်သမိုင်းကို ပြောပြနေသည့် ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် လေ့လာသူနှင့် သုတေသီများအကြား ထင်ရှားခဲ့ပေသည်။ ။

ကိုးကား
(၁) တွင်းသင်း မြန်မာရာဇဝင်သစ်၊ ပထမတွဲ
(မဟာစည်သူ ဦးထွန်းညို)
(၂) သမိုင်းမှတ်တိုင် မြစ်သားဆယ့်တစ်ခရိုင်
(လင်းထိုက်တင်လှိုင်၊ ကျောက်ဆည်)
(၃) သမိုင်းရနံ့သင်းကြိုင် လယ်တွင်းမြေမှ မြို့စဉ့်ကိုင်
(တိုက်ကြည်၊ စဉ့်ကိုင်)
(၄) မြန်မာ့ရှေးဟောင်းမြို့တော်များ (ဦးအောင်မြင့်)
(၅) မိုင်းမောမြို့ဟောင်း (ယဉ်ကျေးမှုဝန်ကြီးဌာန)