ကျောက်ဆည် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အရောင်းအဝယ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ထုတ်ချေးပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ကလေးကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းငွေများ (တတိယအကြိမ်) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၊ ပြည်သူများအားတွေ့ဆုံပြီး ကလေးကျေးရွာသည် စိုက်ပျိုးရေးကိုအခြေခံသည့် ကျေးရွာဖြစ်သောကြောင့် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် ဆီထွက်သီးနှံစိုက် တောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေများ ဦးစားပေးထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ကလေးကျေးရွာမှ ဆီထွက်သီးနှံ စိုက်ပျိုးသည့်တောင်သူ (၁၁၆)ဦးအား (တတိယအကြိမ်) မြစိမ်းရောင်ကျေးရွာစီမံကန်းငွေ ကျပ် ၃၁၂၀၀၀၀၀ ကို ထုတ်ချေးပေးသည်။
ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကိုလျှော့ချနိုင်ခြင်း၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူများမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်နိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)