ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ၅၅၃ ဧက စိုက်ပျိုးသွားမည်

ကျောက်ဆည်   ဇန်နဝါရီ   ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ၅၅၃ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် မင်းရဲမြောင်း ရေသောက်စနစ်ဖြင့် ဧက ၁၀၀၊ မြေအောက်အဝီစိရေသောက်စနစ်ဖြင့် ၅၃ ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် သင်းတွဲမြောင်းရေသောက်စနစ်ဖြင့် ဧက ၂၅၀၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် တမုတ်မြောင်း ရေသောက်စနစ်ဖြင့် ဧက ၁၅၀ စုစုပေါင်း ၅၅၃ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။

 

နွေးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေများ အပြည့်အဝရရှိစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)